လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂၆
အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်း နီဗားဒါးပြည်နယ်၌ ဖေဖော်ဝါရီ ၂၄ ရက် ညပိုင်းက ဆေးဘက်ဆိုင်ရာ လေယာဉ်တစ်စင်း ပျက်ကျရာ လေယာဉ်ပေါ်ပါ ငါးဦးစလုံး သေဆုံးမှုဖြစ်ပွားကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောသည်။
ဒေသဆိုင်ရာ အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအာဏာပိုင်အဖွဲ့ (အာရ်အီးအမ်အက်စ်အေ) ၏ အစီအစဉ်တစ်ခုဖြစ်သည့် Care Flight မှ Pilatus PC-12 လေယာဉ်တစ်စင်းသည် နီဗားဒါးပြည်နယ် လိုင်ယွန်ဒေသ စတိတ်ကုတ်ချ်နေရာအနီး၌ ဖေဖော်ဝါရီ ၂၄ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရေဒါမှပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေယာဉ်ပေါ်ပါသူ ငါးဦးမှာ လေယာဉ်မှူးတစ်ဦး၊ လေယာဉ်ပေါ်တွင် လူနာကို စောင့်ရှောက်ပေးရသည့် သူနာပြုတစ်ဦး၊ ဆေးဘက်ဆိုင်ရာအကူတစ်ဦး၊ လူနာတစ်ဦးနှင့် လူနာ၏ မိသားစုဝင်တစ်ဦးတို့ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။ လေယာဉ်ပျက်ကျရခြင်း အကြောင်းရင်းကို ဆန်းစစ်ရန်အတွက် လိုင်ယွန်ဒေသရဲအရာရှိရုံးက ၎င်းတို့အနေဖြင့် အမေရိကန်သယ်ယူပို့ဆောင်မှု ဘေးကင်းရေးဘုတ်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြောသည်။
ဆင်ဟွာ