အန်ကာရာ၊ ဖေဖော်ဝါရီ ၂၆

 

ဆီးရီးယားနယ်စပ်အနီး တူကီယဲနိုင်ငံတောင်ပိုင်း၌ အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုမှ  အဆောက်အအုံ ပြိုကျမှုများနှင့် ပတ်သက်ပြီး တူကီယဲတရားရေးအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ  တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ လက်ရှိအချိန်အထိ လူပေါင်း ၁၈၀ ကျော်ကို ဖမ်းဆီးထားကြောင်း သိရသည်။

 

ဖေဖော်ဝါရီ ၆ ရက်က ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲ ငလျင်များကြောင့် တူကီယဲနိုင်ငံ၌ သေဆုံးသူပေါင်း ၄၄၂၁၈ ဦးထက်မနည်းရှိပြီး ဆီးရီးယားနိုင်ငံတွင် ၅၉၁၄ ဦးထက် မနည်းရှိကြောင်း အတည်ပြုထားသည်။ ထိခိုက်သေဆုံးသူအများစုမှာ ပြိုကျအဆောက်အအုံများ၏ အပျက်အစီးများကြားမှ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆောက်အအုံပြိုကျမှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူဟု သံသယရှိသူ ၁၈၄ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း တရားရေးဝန်ကြီး ဘီကီဘိုဒါဂ်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောသည်။ တူကီယဲနိုင်ငံတွင် အဆောက်အအုံပေါင်း ၁၇၃၀၀၀ ထက်မနည်း ပြိုကျမှု သို့မဟုတ် ဖြိုဖျက်ရန် လိုအပ်သည့် အခြေအနေအထိ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ