နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်၏ ဒုတိယအချက်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်” အချက်သည် ပြည်သူလူထု အကျိုးစီးပွားအတွက် ဦးစားပေး ရည်မှန်းချက်ဖြစ်သည်။ တိုင်းပြည်သာယာဝပြောရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာ၌ တည်ငြိမ်အေးချမ်းရေးသည် အဓိကကျသဖြင့် ယင်းအချက်ကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံရှိ လူဦးရေအများစုသည် ကျေးလက်နေပြည်သူများဖြစ်ပြီး ကျေးလက်နေ ပြည်သူအားလုံးသည် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။  စားရေရိက္ခာဖူလုံရေးကို  အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများသည် အဓိကကျသဖြင့် ယင်းတို့ကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်လာပါက  ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရာ၌ ကျွမ်းကျင်သည့် လူသားအရင်းအမြစ် ကောင်းများလိုအပ်သည်။   စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အစဉ်အဆက် ဆောင်ရွက်ခဲ့သော်လည်း ခေတ်မီနည်းကျ ဆောင်ရွက်နိုင်မှုအားနည်း၍ အောင်မြင်မှု၌ လိုအပ်ချက်များရှိနေသေးသည်။

 

ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများတွင် လိုအပ်သည့် လူသားအရင်းအမြစ်များ ရရှိစေရေးအတွက် ကျောင်းသားကျောင်းသူများ ပညာရည်မြင့်မားရေးကို  အားပေးဆောင်ရွက်လျက်ရှိသည်။  ကျောင်းသားကျောင်းသူအားလုံး ပညာသင်ကြားရေးကို ဆောင်ရွက်ရာတွင် လက်ရှိအခြေအနေ၌ ကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေသော်လည်း အချို့သောဒေသများရှိကျောင်းသား ကျောင်းသူများအနေဖြင့်  လုံခြုံရေးအရ၊  စီးပွားရေးအရ ပညာသင်ကြားနိုင်ရန် အခက်အခဲများရှိနေရာ အဆိုပါ ကျောင်းသား ကျောင်းသူများ လာမည့်ပညာသင်နှစ်တွင် ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ပြီးခဲ့သည့်နှစ်များက ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအခက်အခဲများကြားမှ ကျောင်းသား ကျောင်းသူများအနာဂတ်အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်ရေး မဖြစ်မနေဆောင်ရွက်ပေးခဲ့သည်။ အခက်အခဲများကြားမှ ကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးထားရာ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ကျောင်းနေနိုင်ရေးကို တွန်းအားပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူလူငယ်များသည် အနာဂတ်အတွက် အားထားရမည့် မျိုးဆက်များဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံကာ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာအောင် ဆောင်ရွက်ရာ၌ ကျောင်းသား ကျောင်းသူများသည် အခြေခံကျသည့် အရင်းအမြစ်များဖြစ်သည်။

 

စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာနိုင်ရန်အတွက် လူသားအရင်းအမြစ်များ မွေးထုတ်ရေးအစီအမံကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်ယူချိန်၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံများ တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပေါင်း ၅၀ ရှိ အခြေခံ ပညာအထက်တန်းကျောင်းများ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ဘာသာရပ်များ သင်ကြားပေးသွားမည်ဖြစ်သည်။ ပညာရည်မြင့်မားလာစေရန် နိုင်ငံသားတိုင်း KG+9 အထိ သင်ယူပြီးမြောက်စေရေး ရည်မှန်းဆောင်ရွက်လျက် ရှိသည်။ အခြေခံပညာပြီးဆုံးသည့်အချိန်တွင် ပညာသင်ယူခဲ့သော ကျောင်းသား ကျောင်းသူများအနက် ထူးချွန်သူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်များအလိုက် ကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်တက်ရောက် ပညာဆည်းပူးနိုင်မည် ဖြစ်သည်။

 

မျိုးဆက်သစ် လူငယ်လူရွယ်များသည် ပညာသင်ကြားရမည့်အရွယ်များဖြစ်သည်။ ပညာမသင်ကြားနိုင်ပါက စိတ်လေလွင့်၍လည်းကောင်း၊ စည်းရုံးသိမ်းသွင်း ခံရ၍လည်းကောင်း မမှန်ကန်သည့် လမ်းမှားများပေါ်သို့ ရောက်ရှိသွားနိုင်သည်။ မိဘအုပ်ထိန်းသူများအနေဖြင့်လည်း စိုးရိမ်ပူပန်မှုများဖြစ်ကြရမည်။ နိုင်ငံတော်အတွက် အားထားရမည့် လူသားအရင်းအမြစ်များ အဟောသိကံဖြစ်နိုင်သည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်း ကျောင်းများ ဖွင့်လှစ်နိုင်ပြီး အရွယ်ရောက်သူတိုင်း ပညာသင်ကြားနိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တည်ငြိမ် အေးချမ်းရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့တွင် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုများနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အချက်ဖြစ်သည့် စီးပွားရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိနေချိန်တွင် ပညာရည်မြင့်မားသည့် လူသားအရင်းအမြစ်များဖြင့် နိုင်ငံတော်ကို အထောက်အပံ့ ကောင်းများပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ