ပြုံယမ်း၊ ဖေဖော်ဝါရီ ၂၇

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ၎င်း၏သမီးနှင့်အတူ ပြုံယမ်းမြို့တော် ဆောက်လုပ်ရေးစီမံကိန်း တစ်ခု၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာက သတင်းဖော်ပြသည်။

 

အဆိုပါအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် တွင် ကျင်းပခဲ့ကြောင်း Korean Central TV က ယနေ့ သတင်းတွင် ဖော်ပြခဲ့သည်။

 

အဆိုပါစီမံကိန်းသည် အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်နေထိုင်ရန် အထပ်မြင့်အိမ်ရာများ ဆောက်လုပ်မည့် စီမံကိန်းတစ်ခုဖြစ်သည်။ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများတွင် နိုင်ငံတစ်ဝန်းမှ လူငယ် ၁၀၀၀၀၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွင်လည်း ဖခင်ဖြစ်သူနှင့်အတူ ကင်ဂျုံအန်သမီး၏ ဓာတ်ပုံများကို မြောက်ကိုရီးယား မီဒီယာများက ပထမဆုံးချပြခဲ့သည်။

 

ခေါင်းဆောင်ကင်သည် ၎င်း၏သမီးကို စီးပွားရေးဆိုင်ရာအခမ်းအနားသို့ ပထမဆုံးအကြိမ် ခေါ်ဆောင်လာသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ ကင်ဂျုံအန်သည် မျိုးဆက်သစ်များအတွက် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ၎င်း၏ ကတိကဝတ်ကို အလေးပေးဖော်ပြရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။

 

ယခုအခမ်းအနားသို့ တက်ရောက်လာသည့် ခေါင်းဆောင်ကင်၏ ဒုတိယမြောက်သမီးသည် ခေါင်းဆောင်ကင်၏နေရာကို ဆက်ခံမည့်သူဖြစ်နိုင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူအချို့က ဆိုသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်