ခိုင်ဝသန်(စီးပွားရေးပညာ)

 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက်  အထောက်အကူပြုသည့် အကြီးမားဆုံးသော အထောက်အပံ့မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဆောင်ရွက်ရန်ပင် ဖြစ်ပါ သည်။ သဘာဝသယံဇာတများ မည်မျှပင်ပေါကြွယ်ဝစေကာမူ  လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးကို မဆောင်ရွက်နိုင်လျှင် တိုးတက်သောနိုင်ငံအဖြစ်သို့ ရောက်ရှိလာအောင် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။

 

လူငယ်များအနေဖြင့် ပညာစွမ်းရည်မြင့်မား တိုးတက်အောင်ဆောင်ရွက်ခြင်း

 

လူ့စွမ်းအားအရင်းအမြစ်ဟုဆိုရာတွင် အခြေခံအားဖြင့် အဓိကလုပ်ဆောင်ရမည့်အချက်မှာ ပညာ စွမ်းအားပင်ဖြစ်သည်။  အနာဂတ်နိုင်ငံတော်ကို တည်ဆောက်မည့် ယနေ့လူငယ်များအနေဖြင့် ပညာစွမ်းရည်မြင့်မားတိုးတက်အောင် ဆောင်ရွက် ခြင်းသည် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရေး အတွက် ပဓာနအကျဆုံးသောအချက်ပင်ဖြစ်သည်။

 

အနာဂတ်ကို ဦးဆောင်မည့် လူငယ်များအတွက် ပညာစွမ်းရည်မြင့်မားတိုးတက်အောင် ဆောင်ရွက် ရာတွင် အတန်းပညာများ မြင့်မားတိုးတက် အောင် ဆောင်ရွက်ခြင်းသာမက အမှား၊ အမှန် စဉ်းစား ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ပညာ အဆင့် အတန်းပါ တိုးတက်မြင့်မားအောင်  ဆောင်ရွက် ရမည်ဖြစ်သည်။ ယခုအချိန်အခါကဲ့သို့ ရုပ်ဝတ္ထုများ နှင့် နည်းပညာများ အဆင့်အတန်းများစွာ တိုးတက် သော ကမ္ဘာကြီးတွင် လူငယ်များသည် ပညာစွမ်းရည် အမှန်တကယ်ပင် တိုးတက်မြင့်မားနေကြ သော်လည်း  မိမိ၏ကိုယ်ပိုင်စွမ်းအားဖြင့်  ဝေဖန် ပိုင်းခြားနိုင်သော အသိဉာဏ်ပညာ စဉ်းစားဆင်ခြင် တုံတရားများ များစွာအားနည်းနေသေးသည်ကို တွေ့မြင်နေရပါသည်။

 

ဖွံ့ဖြိုးတိုးတက်နေသော နည်းပညာများနှင့်အတူ လူငယ်အများစုသည် စာပေလေ့လာမှု၊ စာဖတ် စွမ်းရည်ကျဆင်းနေသည်ကိုလည်း  ယနေ့လူငယ်အများစု၏ လုပ်ဆောင်ချက်များကိုကြည့်ခြင်းဖြင့် သိမြင်နိုင်ပါသည်။  ထိုသို့  စာဖတ်အားနည်းသော လူငယ်လေးများကို စာဖတ်အားကောင်းသော လူ့စွမ်းအားအရင်းအမြစ် လူငယ်လေးများအဖြစ် ဖွံ့ဖြိုးတိုးတက်လာအောင်  ဝိုင်းဝန်းကူညီဆောင်ရွက် ရမည်ဖြစ်သည်။

 

ပညာရေးနှင့်ပတ်သက်၍ ရှေးပညာရှင်ကြီးများက ပညာရေးသည် လူသားများအတွက် အလွန် အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်သည်ဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ယနေ့ခေတ် ကမ္ဘာ့နိုင်ငံ များတွင် ဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးသို့ ရောက်နေ သော နိုင်ငံအများစုသည် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု ကြောင့် နည်းပညာတိုးတက်မှု ပြောင်းလဲလာပြီး ဖွံ့ဖြိုးမှုအမြင့်ဆုံးသို့ ရောက်ရှိနေခြင်းဖြစ်သည်။

 

ထို့အတူ ပညာရေးကဏ္ဍတွင်ဖွံ့ဖြိုးတိုးတက် ပြောင်းလဲမှုမရှိဘဲ အခြားကဏ္ဍများတွင် ဖွံ့ဖြိုး တိုးတက်သော နိုင်ငံဟူသည် ယနေ့ကမ္ဘာ့နိုင်ငံများထဲတွင်မရှိသလို နောင်အနာဂတ်တွင်လည်းရှိလာ မည်မဟုတ်ပေ။ ထို့ကြောင့် ပညာရေးသည် လူသားတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်၍ ထိုရတနာကို အရည်အသွေးမြင့်မားအောင် ပုံဖော်ထုဆစ်ရန်မှာ  မျိုးဆက်သစ်တို့၏  တာဝန် တစ်ရပ်ဖြစ်ပေသည်။ ထိုတာဝန်ကို လက်ဆင့်ကမ်း ပခုံးပြောင်းထမ်းဆောင်ရာတွင် တိုးတက်လာသော နည်းပညာများကို စနစ်တကျနှင့် အကျိုးရှိစွာ အသုံးချတတ်ရန်လည်း  လိုအပ်ပေသည်။ “အသိအလိမ္မာ စာမှာရှိဟူသော စကားနှင့်အညီ အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမည့် လူငယ်များအနေဖြင့် အတွေးအခေါ်ကောင်းများနှင့် စိတ်ကူးဉာဏ်ကို ရင့်သန်စေသော စာပေတည်းဟူသော မိတ်ဆွေစစ် ကို ပေါင်းဖက်မိတ်ဖွဲ့ရပေမည်။

 

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု လမ်းညွှန်အဖြစ် အကောင်အထည်ဖော်ရန် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှု ပန်းတိုင်များ (Sustainable Develop- ment  Goals -  SDGs)  ၁၇  ရပ်ကို  ၂ဝ၁၆  ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ  ၂ဝ၃ဝ ပြည့်နှစ်အထိ အကောင်အထည်ဖော်ရန် ၂ဝ၁၅ ခုနှစ် စက်တင်ဘာ လ ၂၈ ရက်နေ့မှ  ၃ဝ ရက်နေ့အထိကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂစုံညီအစည်းအဝေးတွင် ချမှတ်ခဲ့သည်။ ထိုပန်းတိုင်များထဲမှ ပန်းတိုင်(၄)အရလည်း လူတိုင်းတွင် အကျုံးဝင်သော  ပညာသင်နိုင်ရေးဟူ၍ ပါရှိသည်။

ဘက်စုံလွှမ်းခြုံသော ပညာရေးစနစ် ပေါ်ပေါက်လာရေး

 

 

အဆိုပါပန်းတိုင်(၄)နှင့်ပတ်သက်၍  မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် အစီအစဉ်ဖြစ်သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)တွင် ဘက်စုံလွှမ်းခြုံသော  ပညာရေးစနစ် ပေါ်ပေါက် လာရေးသည် ပန်းတိုင်(၄)၏အဓိကလုပ်ငန်းစဉ်ဖြစ်သလို ထိုပညာရေးအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိခြင်းသည်လည်း ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များပင်ဖြစ်ပေသည်။

 

အလားတူစီးပွားရေးအမြင် (Economic Point of View)အရ ကြည့်ပါကလည်း ကုန်စည်များကို ထုတ်လုပ်ရာတွင် သာမန်ကုန်ကြမ်းအဖြစ်မှ တန်ဖိုး မြှင့်ထုတ်ကုန် (Value Added Product) အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်မှသာ  ကုန်ထုတ်လုပ်ငန်း အတွက် အကျိုးများစွာရရှိနိုင်သလို နိုင်ငံတော် အတွက်လည်း အထောက်အပံ့ကောင်းများ ဖြစ်လာ နိုင်ပါသည်။ ဥပမာအဖြစ်  ဖော်ပြရလျှင်  ကျွန်း သစ်တုံးကြီးတစ်တုံးကို ဧည့်ခန်းအလယ်ကောင်တွင် ထိုင်ခုံအဖြစ် ချထားခြင်းသည် မည်သို့မျှ မသင့်တော်၊ အမြင်မတင့်တယ်သကဲ့သို့ တန်ဖိုးလည်းမရှိနိုင်ပါ။ 

 

သို့သော်လည်း ထိုကျွန်းသစ် အကြမ်းတုံးကြီး ကို  အဆင့်ဆင့်ပြုပြင်ပြောင်းလဲ၍  ဧည့်ခန်းနှင့် သင့်တင့်လိုက်ဖက်သော ဆက်တီခုံကြီးများ၊ ပရိဘောဂအသုံးအဆောင်ပစ္စည်းများကဲ့သို့ တန်ဖိုး မြှင့်ထုတ်ကုန် (Value Added Product) အဖြစ် ပြုပြင်ပြောင်းလဲလိုက်သောအခါ အရည်အသွေး ပြည့်ဝပြီး အလွန်တန်ဖိုးကြီးမားသော ထုတ်ကုန်များအဖြစ် ပြောင်းလဲသွားသကဲ့သို့ လူငယ်လေးများကိုလည်း  တန်ဖိုးမြင့်လူသားများအဖြစ် ပြောင်းလဲမြှင့်တင်ပေးနိုင်မှသာလျှင် အနာဂတ်တွင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာပြီး မိမိ တိုင်းပြည်အတွက်လည်း အကျိုးများစွာ ရရှိနိုင်မည် ဖြစ်သည်။

 

တန်ဖိုးအရှိဆုံးနေရာအဖြစ် သတ်မှတ်ထားသည့် စာကြည့်တိုက်များ

 

ထိုသို့ ပညာတတ်လူငယ်လေးများဖြစ်အောင် ဖန်တီးလုပ်ဆောင်ရာတွင် ဝေးလံခေါင်းပါးသော အရပ်ဒေသရှိ လူငယ်လေးများကို ခေတ်ပညာရှာမှီးနိုင်ရေးအတွက် ဒေသအသီးသီး၌ ပညာသင်ယူနိုင် သော အထောက်အပံ့ကောင်းများစွာကို နိုင်ငံတော် အနေဖြင့် ဖန်တီးဖော်ဆောင်ပေးရန် အထူးလိုအပ် လှပေသည်။ ထိုသို့ပညာရေးဆိုင်ရာ အထောက်အပံ့ များဖြစ်သော ဆရာ ဆရာမ အင်အား၊ ပညာ သင်ကြားရေးဆိုင်ရာ အဆောက်အအုံများသာမက အသိပညာ ဗဟုသုတများစွာကို ပေးစွမ်းနိုင်သော တန်ဖိုးအရှိဆုံးနေရာအဖြစ် သတ်မှတ်ထားသည့် စာကြည့်တိုက်များလည်း လိုအပ်ပါသည်။

 

ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ခု တည်ဆောက်လျှင် မဖြစ်မနေပါရမည့်အရာမှာ စာကြည့်တိုက် ဖြစ်သည်ဟု အသိပညာရှင်များကလည်း သတ်မှတ် ဖော်ပြထားသည်။ ထို့ကြောင့် ပြည်သူများ စာဖတ် များလျှင် နိုင်ငံတိုးတက်မည်မှာ အမှန်ပင်ဖြစ်သလို မိမိတို့နိုင်ငံတွင်လည်း ဝေးလံခေါင်းပါးသော နယ်စပ်ဒေသအသီးသီးတိုင်အောင် စာကြည့်တိုက်များ ဖြစ်ဖြစ်မြောက်မြောက်နှင့် အများအပြား ပေါ်ပေါက်လာအောင် နိုင်ငံတော်အနေဖြင့် စီမံ ဆောင်ရွက်ပေးရန် လိုအပ်ပေသည်။

 

စာဖတ်ခြင်းဖြင့် စိတ်လေလွင့်မှုမရှိခြင်း၊ မကောင်းသောအတွေးအခေါ်များ မတွေးတောခြင်း၊ အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့် လက်ငင်းအကျိုးကျေးဇူးများကို ခံစားရမည် ဖြစ်သလို နောင်အနာဂတ်တွင်လည်း ဉာဏ်ရည်မြင့်မားသော လူသားအရင်းအမြစ် များစွာပေါ်ပေါက်လာပြီး မိမိနိုင်ငံတော်ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

ယနေ့မိမိတို့နိုင်ငံတော်တွင်လည်း နည်းပညာ၏ အကျိုးကျေးဇူးကြောင့် ဒေသအတော်များများတွင် Online စာကြည့်တိုက်များ ပေါ်ထွန်းနေပြီ ဖြစ်သဖြင့် လူငယ်များအနေဖြင့် စာပေလေ့လာ၊ ပညာရှာမှီးရာတွင် အခက်အခဲမရှိဘဲ လေ့လာသင်ယူ နိုင်ပြီဖြစ်သည်။ သို့သော်လည်း တိုးတက်ပြောင်းလဲလာသော နည်းပညာရေစီးကြောင်းထဲတွင် လူငယ်များအနေဖြင့် လွဲမှားသော သင်ယူမှုများဖြင့် နစ်မျောမနေဘဲ မိမိတို့အတွက်အကျိုးရှိပြီး ဘဝမြှင့်တင်ပေးနိုင်သော အသိပညာ ဗဟုသုတများကို ရှာဖွေစုဆောင်းကာ မိမိတို့ဘဝတိုးတက်ရေးအတွက် အကျိုးရှိစွာအသုံးချရန် လိုအပ်လှပေသည်။

 

တာဝန်ပေးသူနှင့် တာဝန်ပေးခံရသူများ

 

နိုင်ငံတော်အနေဖြင့်လည်း တန်ဖိုးရှိသော လူသားအရင်းအမြစ်များကို မွေးထုတ်ပေးပြီး လုပ်ငန်း တာဝန်များကို ခွဲဝေနေရာချထားရာတွင်လည်း လူမှန်၊ နေရာမှန်၊ မှန်ကန်သောအလုပ် (Right Person, Right Place, Right job) ဖြစ်ရန်လည်း အလွန်အရေးကြီးလှပေသည်။ မှားယွင်းစွာ တာဝန်ပေးအပ်ပါက မိမိကျွမ်းကျင်သော အတတ်ပညာဖြင့် နိုင်ငံတော်အကျိုး၊ ဌာနအကျိုးအတွက် ဆောင်ရွက်ရန် မည်သို့မျှမဖြစ်နိုင်သဖြင့် နိုင်ငံတော် အတွက်လည်း အကျိုးမရှိသလို တာဝန်ပေးခံရသူ အနေဖြင့်လည်း မိမိမကျွမ်းကျင်သော လုပ်ငန်းခွင်တွင် စွမ်းဆောင်ရည်မြင့်မားစွာ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တာဝန်ပေးသူနှင့် တာဝန် ပေးခံရသူများအနေဖြင့် လူမှန်၊ နေရာမှန်ဖြစ်ရေး သည်လည်း လူ့စွမ်းအားမြှင့်တင်ရေးအတွက် အရေးကြီးသောအချက်ပင် ဖြစ်သည်။

 

ဥပမာတင်ပြရလျှင် စီးပွားရေးပညာသဘောတရားနှင့်သက်ဆိုင်သော ဟိုတယ်လုပ်ငန်းတစ်ခုတွင် တာဝန်အသီးသီးထမ်းဆောင်နေကြသည့် စာရင်းနှင့်ပတ်သက်လျှင် အလွန်တိကျပြီး စေ့စပ် သေချာကျွမ်းကျင်သည့် စာရင်းကိုင်(Accountant)တစ်ယောက်နှင့် ရုပ်ရည်ချောမောပြေပြစ်ပြီး အလွန် စကားပြောကျွမ်းကျင်သော ဧည့်ကြိုဝန်ထမ်း (Receptionist) တစ်ယောက်တို့သည် သက်ဆိုင်ရာ လုပ်ငန်းအသီးသီးတွင် မိမိတို့တတ်ကျွမ်းသော ပညာရပ်များဖြင့် ဟိုတယ်လုပ်ငန်းကို တိုးတက် အောင် ဆောင်ရွက်နိုင်ကြသော်လည်း ၎င်းတို့နှစ်ဦး၏ လုပ်ငန်းများကို တစ်ယောက်နှင့်တစ်ယောက် လွှဲပြောင်းတာဝန် ပေးလိုက်သောအခါတွင် ဧည့်ကြိုဝန်ထမ်းတစ်ယောက်သည် စာရင်းကိုင် တစ်ယောက်၏ လုပ်ငန်းကို မည်သို့မျှ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်မည်မဟုတ်သလို စာရင်းကိုင်တစ်ယောက်သည်လည်း မိမိမကျွမ်းကျင်သော ဧည့်ကြိုလုပ်ငန်းကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ဘဲ ထိုသို့လွဲမှားစွာ နေရာချထားခြင်း၏ အကျိုးဆက်ကြောင့် ထိုလုပ်ငန်းသည် ပျက်စီးဆုံးရှုံးမှုများနှင့်သာ ကြုံတွေ့ရမည်ဖြစ်သည်။

 

ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် လူတစ်ယောက်သည် မိမိတွင်ရှိသော အရည်အချင်း နှင့်ကိုက်ညီသော နေရာ၌သာ မိမိ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သလို လုပ်ငန်း လည်း ဖွံ့ဖြိုးတိုးတက်လာမည်မှာ ဧကန်အမှန် ပင်ဖြစ်သည်။

 

မျက်မှောက်ခေတ်တွင် ကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးအခြေအနေများ ကြောင့် လူ့စွမ်းအားအရင်းအမြစ်၏ အခြေခံအကျဆုံးဖြစ်သော အနာဂတ် လူငယ်လေးများသည် အသိပညာဗဟုသုတမကြွယ်ဝခြင်း၊ မိမိတို့နေထိုင်ရာ အရပ်ဒေသပတ်ဝန်းကျင်ရှိ မိသားစုအသိုင်း အဝိုင်းများ၏ အသိပညာ မပြည့်စုံခြင်းတို့ကြောင့် အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိဘဲ လမ်းစ ပျောက်နေပြီး စိတ်ဓာတ်စွမ်းအား ကျဆင်းနေမှုများကို အများအပြားခံစားနေကြရသည်။ ထိုလူငယ်များ၏ စိတ်ဓာတ်စွမ်းအားများ ပြန်လည်ရှင်သန်လာအောင် လုပ်ဆောင်ရမည်မှာ အဓိကကျသော တာဝန်တစ်ရပ်ပင်ဟုဆိုရပေမည်။

 

ဝန်ကြီးဌာန၏ မူဝါဒလေးရပ်

 

ပညာစွမ်းရည်မြင့်မားခြင်းသည် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအတွက် အဓိက ကျသောအချက်ဖြစ်သောကြောင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ မူဝါဒလေးရပ် ဖြစ်သော နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ် ဒေသတွင်နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးဟူသော မူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတစ်ဝန်းရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၄ ကျောင်း ၌ အခြေခံပညာရပ်များကို အခမဲ့သင်ကြားပေး လျက်ရှိပြီး အခြေခံပညာအထက်တန်းအောင်မြင်ပြီး သည့် တိုင်းရင်းသားလူငယ်များအား ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၊ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)တို့တွင် အဆင့်မြင့်ပညာရပ်များကို အခမဲ့ ဆက်လက်သင်ကြားပေးလျက်ရှိပါသည်။ အခြေခံ ပညာအထက်တန်းတွင် ထူးချွန်စွာ အောင်မြင်သူ များကိုလည်း တက်ရောက်လိုသော အသက်မွေး ဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်များသို့ အဆင်ပြေစွာ တက်ရောက်နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ထို့အပြင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ကိုး ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း ၄၆ ကျောင်း တို့ကို ဖွင့်လှစ်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်ရန်၊ အလုပ်အကိုင်အခွင့်အလမ်း များရရှိရန်၊ လူမှုစီးပွားဘဝတိုးတက်မြင့်မားရန်နှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန် ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ပေါက် လာစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။

 

KG+12 ပညာရေးစနစ်သစ်

 

ပညာရေးကဏ္ဍတွင် ခေတ်စနစ်နှင့်လျော်ညီစွာ တိုးတက်ရေးအတွက် ပညာရေးအဆင့်မြှင့်တင်မှု များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာ ကဏ္ဍတွင် သင်ရိုးညွှန်းတမ်းအသစ်များ အစားထိုးခြင်းနှင့် စနစ်သစ်ပြောင်းလဲခြင်းကို ၂ဝ၁၈-၂ဝ၁၉ ပညာသင် နှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီး KG+12 ပညာရေးစနစ်သစ်ကို ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်တွင် အပြည့်အဝ အကောင်အထည် ဖော်နိုင်ရန်အတွက် ပညာရေးမဟာဗျူဟာ စီမံကိန်း လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်လျက်ရှိသည်။

 

ထိုနည်းတူစွာပင် မြန်မာနိုင်ငံစာတတ်မြောက်ရေး လှုပ်ရှားမှုများအား အထောက်အကူဖြစ်စေရန် “ပညာရေးတွင် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ရစ်ခဲ့ခြင်းမရှိစေရ ဟူသောရည်ရွယ် ချက်ဖြင့် ကျောင်းပြင်ပရောက် ကလေးသူငယ်လေးများနှင့် လူငယ်များအတွက် ကျောင်းပြင်ပပညာရေး အစီအစဉ်များကိုလည်း ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။ ကျောင်းပြင်ပ ပညာရေးတွင် အခြေခံစာတတ်မြောက်ရေးနှင့် စဉ်ဆက်မပြတ်ပညာရေးဟူ၍ အချက်နှစ်ချက် ပါဝင်သည်။ ထို ကျောင်းပြင်ပပညာရေးအစီအစဉ်များတွင် ပါဝင်သင်ယူသော လူငယ်ကလေးများသည် မိမိတို့တတ်မြောက်လာမည့် အသိပညာများ၊ ကျွမ်းကျင်မှုအတတ်ပညာများကို လက်တွေ့ နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု နိုင်မည်ဖြစ်သည်။

 

သို့ဖြစ်၍ မကြာမီကာလတွင် အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာမည့် လူငယ်များအတွက် ခေတ်မီတိုးတက်လာသော အဆင့်မြင့်ပညာရေးနှင့် နည်းပညာတိုးတက်ဖွံ့ဖြိုးမှု အရှိန်အဟုန်တို့ကို အခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ နှစ်မျိုးစလုံးကို ဟန်ချက်ညီ မြှင့်တင်ပေးနိုင်သည့် ပိုမိုကောင်းမွန်သော ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များကို လုပ်ဆောင်လာနိုင်တော့မည်ဖြစ်ပေ သည်။

 

နိုင်ငံတော်ကိုဦးဆောင်ရမည့် လူငယ်ကလေးများကိုနည်းမှန်၊ လမ်းမှန်၊ အသိပညာမှန်ရအောင် ဆောင်ရွက်ပေးနိုင်မှသာ အနာဂတ်နိုင်ငံတော်ကြီး ကို ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်အောင် တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ မိမိနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲ အကျပ်အတည်းများသည်လည်း တစ်ခဏမျှသာဖြစ်ပြီး မကြာမီကာလတွင် အနာဂတ် ပန်းကလေးများအတွက် မျှော်လင့်ချက်ရောင်ခြည်များသည် အရှေ့ဘက်မှ ထွက်ပေါ်လာသော နေမင်းကြီးပမာ အမှောင်ထုကို ဖြိုခွင်းပေါ်ထွက်လာပြီး အခက်အခဲ၊ အကျပ်အတည်းများသည်လည်း နေမင်းကြီး၏ အလင်းရောင်အောက်တွင် နှင်းစက်များပမာ ပျောက်ကွယ်သွားမည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် နိုင်ငံသူ၊ နိုင်ငံသား အားလုံးက လက်တွဲညီညီ ပူးပေါင်းပါဝင်ဆောင်ရွက် သင့်ပါကြောင်း တင်ပြတိုက်တွန်းအပ်ပါသည်။