မောက်မယ် ဖေဖော်ဝါရီ ၂၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်အတွင်း ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းအပြင် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိသည့် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် သီးပင်စားပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လာကြပြီး နမ့်ယွန်းချောင်းတစ်လျှောက် စိုက်ပျိုးထားသည့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ဒေသခံတောင်သူများအနေဖြင့် ပြည်သူများ မဖြစ်မနေ နေ့စဉ်ဝယ်ယူစားသုံးကြသော သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ခရမ်းသီးမျိုးစုံ၊ ပဲမျိုးစုံ၊ မုန်ညင်း၊ ဆလပ်၊ ငရုတ်သီး၊ ဥဖြူ၊ ဥနီ၊ ပန်းမုန်လာ၊ နံနံပင် စသည့် ဟင်းသီးဟင်းရွက်များကို တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရေးအတွက် သီးပင်စားပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လာကြသည်။

 

မောက်မယ်မြို့နယ်တွင် စားပင်သီးနှံစိုက်ခင်းများကို ဈေးကွက်အခြေအနေအပေါ်မူတည်၍ ရာသီအလိုက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကာ မောက်မယ်စည်ပင်သာယာစျေးနှင့် နမ့်လွတ်စျေး တောင်ပေါ် ၅ ရက်တစ်ဈေး၌ ရောင်းချခြင်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း၊ ယခုနှစ်တွင် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်သူ တောင်သူအများအပြားရှိလာကြောင်း နမ့်လွတ်ကျေးရွာနေ တောင်သူ ဦးစိုင်းနောင့်ထံမှ သိရသည်။

 

စိုင်းမျိုးသန့်(မောက်မယ်)