ဆော်ပိုလို၊ ဖေဖော်ဝါရီ ၂၈

 

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ဆော်ပိုလိုပြည်နယ် ကမ်းရိုးတန်းတစ်လျှောက် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုကျမှုများ ဖြစ်ပွားပြီးနောက် သေဆုံးသူပေါင်း ၆၅ ဦးအထိ မြင့်တက်လာကြောင်း ဒေသအာဏာပိုင်များက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောသည်။

 

သေဆုံးသူများအနက် ၁၉ ဦးမှာ အရွယ်မရောက်သေးသူများဖြစ်ကြောင်းနှင့် ဘေးဒဏ်သင့်သူ များအတွက် စိတ်သက်သာရာရစေရေး ဆက်လက်ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တပ်မတော်သားများ၊ မီးသတ်သမားများ၊ စေတနာ့ဝန်ထမ်းများနှင့် ကယ်ဆယ်ရေးလုပ်သားများသည် သေဆုံးသူများ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိနိုင်ရန်အလို့ငှာ ဆက်လက်တူးဖော်လျက်ရှိပြီး ပျောက်ဆုံးနေသူများကိုလည်း ရှာဖွေလျက် ရှိကြောင်း သိရသည်။

 

အိုးအိမ်ဆုံးရှုံးမှု ဖြစ်ပွားသော လူပေါင်း ၂၄၄၀ သည် ထပ်မံမြေပြိုကျမှု အန္တရာယ်ကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။ ဘရာဇီးနိုင်ငံသား လေးသန်းဝန်းကျင်သည် သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်သော နေရာဒေသ ၁၄၀၀၀ တွင် နေထိုင်ကြကြောင်း ပေါင်းစည်းရေးနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

 ဆင်ဟွာ