ရောမ၊ ဖေဖော်ဝါရီ ၂၈

 

အာဖဂန်နစ္စတန်၊ အီရန်နှင့် တခြားနိုင်ငံများမှ ရွှေ့ပြောင်းဒုက္ခသည် အပြည့်တင်ဆောင်လာသော လှေတစ်စင်းသည် အီတလီကမ်းလွန်၌ တိမ်းမှောက်ခဲ့ရာ ၅၉ ဦးထက်မနည်းသေဆုံးခဲ့သည်။

 

သစ်သားနှင့် လုပ်ထားသောလှေသည် ဆိုးရွားသော ရာသီဥတုအောက်တွင် ကျောက်ဆောင်နှင့် ဝင်တိုက်မိပြီး အီတလီနိုင်ငံတောင်ပိုင်း ကာလာဘရီယာပြည်နယ် ကမ်းလွန်တစ်နေရာတွင် ဖေဖော်ဝါရီ ၂၆ ရက်က တိမ်းမှောက်နစ်မြုပ်ခဲ့ကြောင်း အီတလီ အာဏာပိုင်များက ပြောသည်။

 

ထိုအဖြစ်ဆိုးနှင့် မကြုံတွေ့ခင် အဆိုပါလှေသည် တူကီယဲနိုင်ငံမှ ရက်ပေါင်းအတော်ကြာ ရွက်လွှင့်လာခဲ့ခြင်းဖြစ်သည်။

 

အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်လိုက်သော ဗီဒီယိုဖိုင်တွင် လှေပျက်မှ သစ်သား အပိုင်းအစများသည် ကမ်းခြေသို့ လာတင်နေသည်ကို တွေ့မြင်နိုင်သည်။ အတည်ပြုခဲ့သော သေဆုံးသူများထဲတွင် လသားအရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်သည်။ ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက် ရှိသည်။

 

အီတလီဝန်ကြီးချုပ် ဂျီအော် ဂျီယာ မီလိုနီ က လူမှောင်ခိုသမားများကို ပြစ်တင်လိုက်ပြီး ဆိုးရွားသော ရာသီဥတုကြား မီတာ ၂၀ ရှည်သော လှေတစ်စင်းပေါ်တွင် ခရီးသည် ၂၀၀ စုပြုံပြီးဖြစ်အောင် စီစဉ်လိုက်ခြင်းသည် ရာဇဝတ်ပြစ်မှုဖြစ်ကြောင်း ပြောကြားလိုက်သည်။

 

လွန်ခဲ့သောနှစ်များက မြေထဲပင်လယ်ကို ဖြတ်သန်းရင်း ရွှေ့ပြောင်းဒုက္ခသည် ၂၀၀၀ နီးပါး အသက်သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂကပြောကြားခဲ့သည်။

 

အင်န်အိတ်ချ်ကေ