နေပြည်တော်   ၁၃   ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ပြည်တွင်းစစ်ဘေးဒဏ်ခံခဲ့ရသော ဘီးလင်းမြစ်တစ်ဖက်ကမ်းရှိ အမဲရောင်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရသော အရှေ့ဘက်ကမ်းဇုန်အား ဘက်စုံတိုးတက် ဖွံ့ဖြိုးလာစေရန်နှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် သီးခြားစီမံချက်ဖြင့် မြှင့်တင်ဆောင်ရွက်ပေးရန် မည်သို့ဆောင်ရွက်ထားရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ (၈)ရက်က ဘီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဘီးလင်းမြို့နယ်ရှိ အမဲရောင်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရသော တောင်ပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံ အဆောက်အဦများဆိုင်ရာဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားများ၊ လျှပ်စစ်မီးဆိုင်ရာ ကိစ္စရပ်များ ဘက်စုံတိုးတက် လာစေရန်နှင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်အတွက် သက်ဆိုင်ရာဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ကွင်းဆင်းအခြေအနေကြည့်၍ လိုအပ်ချက်များအား စီမံကိန်းရေးဆွဲထားရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနှင့် ညှိနှိုင်းဆွေးနွေးထားပြီး ဖြစ်ပါကြောင်း၊ မိမိအနေဖြင့်လည်း မွန်ပြည်နယ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်ထံ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများနှင့် သေချာစွာရေးဆွဲ၍ မွန်ပြည်နယ်အစိုးရ၏ ဘဏ္ဍာငွေရရှိရေး၊ ပြည်ထောင်စုသို့ တင်ပြနိုင်ရေး သက်ဆိုင်ရာ ဦးစီးဌာနအလိုက် စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းထားရှိပါကြောင်း ဖြေကြားသည်။

 

အလားတူ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေး၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန့်ဆွေ၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်းတို့၏ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ လူမော်