နေပြည်တော် ဖေဖော်ဝါရီ ၂၈
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကုန်သွယ်မှုနှင့်ဆက်စပ်သော မူပိုင်ခွင့်ဆိုင်ရာ သဘောတူစာချုပ် ကို လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် အရှေ့တောင် အာရှအဖွဲ့ဝင်နိုင်ငံများအကြား မူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကိုလည်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ဒေသတွင်းနိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်စီးဆင်းမှုများ တိုးတက်ရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုနိုင်သည့် မူပိုင်ခွင့်စနစ်များကို ဖော်ဆောင်ကျင့်သုံးနေကြသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အခြားသောအဖွဲ့ဝင်နိုင်ငံများ နည်းတူ မူပိုင်ခွင့်ဥပဒေများကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပြီး မူပိုင်ခွင့် အကာအကွယ်ပေးသည့် စနစ်တစ်ရပ် တည်ထောင်နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့်ဥပဒေ (၄) ခုအနက် ကုန်အမှတ်တံဆိပ်မူ ပိုင်ခွင့်ဥပဒေကို မကြာခင်ကာလတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည့် အတွက် အဓိကတာဝန်ယူရသော ဌာနများမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်သောဌာနများမှ ကိုယ်စားလှယ်များအား အသိပညာ၊ ဗဟုသုတများ တိုးပွားစေပြီး လုပ်ငန်းချောမွေ့စေရန်အတွက် ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
မကြာခင်ကာလတွင် ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များ အသိပညာ၊ ဗဟုသုတများ တိုးပွား စေရန်အတွက် ရန်ကုန်မြို့၊ မန္တလေးမြို့စသည့် မြို့ကြီးများတွင်လည်း ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ယခုဆွေးနွေးပွဲသို့ ကိုယ်စားလှယ်စုစုပေါင်း (၁၈၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်