သီဟစည်သူ
မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်းသည် မိရိုးဖလာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်ပြီး ခေတ်စနစ်များ ပြောင်းလဲလာမှုနှင့်အတူ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍတွင်လည်း ခေတ်စနစ်နှင့်အညီ တိုးတက်ပြောင်းလဲမှုများနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံတွင် ဆန်ကိုသာ အဓိက စားသုံးကြခြင်းဖြစ်သဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအပါဆုံး ကောက်ပဲသီးနှံတစ်ခုဖြစ်ကာ လယ်ယာကဏ္ဍ၏ စိုက်ပျိုးမွေးမြူထုတ်လုပ်မှုလုပ်ငန်းစဉ်များသည် စားနပ်ရိက္ခာ ထုတ်လုပ်မှုအတွက်သာမက ကျေးလက်နေပြည်သူသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် အဓိကကျောရိုး လုပ်ငန်းကြီးဖြစ်သည်။
လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု
လယ်ယာသားငါးထွက်ပစ္စည်း တင်ပို့မှုလုပ်ငန်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)တွင် ၂၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် ပြည်ပပို့ကုန် တင်ပို့မှုတန်ဖိုး၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်းဖြည့်ဆည်းပေးနိုင်ခဲ့သည့်အတွက် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက်ပါ အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂)ရပ်တွင် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”၊ “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရေး” ဟူသည့် ဦးတည်ချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ယခုနှစ်ဖေဖော်ဝါရီလလယ်အထိ လယ်ယာ ထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၃၄ ဒသမ ၂၀၂ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှု မှ ၁၉ ဒသမ ၅၂၀ သန်း၊ ရေထွက်ပစ္စည်းတင်ပို့မှုမှ ၆၄၃ ဒသမ ၇၉၈ သန်း ရရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ခုနှစ် တွင် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကဏ္ဍ အသီးသီး၏ ကုန်ထုတ်လုပ်မှုတွင် အဟန့်အတား များစွာဖြစ်ပေါ်ခဲ့သော်လည်း အဓိကစားနပ်ရိက္ခာ များ ထုတ်လုပ်မှုတွင် မူလအတိုင်း ထုတ်လုပ်နိုင်ခဲ့ သည့်အတွက် ပြည်ပတင်ပို့မှုအနေဖြင့် လယ်ယာ ထွက်ကုန်မှ အမေရိကန်ဒေါ်လာ ၃၆၅၀ ဒသမ ၂၈ သန်း၊ တိရစ္ဆာန်ထွက်ပစ္စည်းမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ၅၁ သန်းနှင့် ရေထွက်ပစ္စည်းမှ အမေရိကန် ဒေါ်လာ ၇၀၅ ဒသမ ၆၃ သန်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၃၆၁ ဒသမ ၄၂ သန်း ရရှိခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ထို့ကြောင့် မြန်မာ့စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ သည် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုအတွက်သာမက ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက်ကိုပါ ဖြည့်ဆည်း ပေးလျက်ရှိသည်ကို တွေ့နိုင်သည်။
စိန်ခေါ်မှုများ
ယနေ့ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စားနပ်ရိက္ခာ ဖူလုံမှုအပေါ်တွင် စိန်ခေါ်မှုများစွာ ပေါ်ပေါက်လျက်ရှိသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကထုတ်ပြန်သည့် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံမှုဆိုင်ရာ အညွှန်းကိန်းများအရ ၂၀၂၁ ခုနှစ်အတွင်း အာဖရိကရှိ လူပေါင်း ၂၇၈ သန်း၊ အာရှဒေသရှိ လူပေါင်း ၄၂၅ သန်းနှင့် လက်တင်အမေရိကနှင့် မြေထဲပင်လယ်ဒေသရှိ လူပေါင်း ၅၆ သန်းခွဲတို့သည် စားနပ်ရိက္ခာဖူလုံမှုမရှိဘဲ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားခဲ့ရသည်။ ထို့အတူ ၂၀၃၀ ပြည့်နှစ်အထိ လူဦးရေသန်း ၆၇၀ နီးပါးသည် အာဟာရချို့တဲ့မှုများ ခံစားကြရဦးမည်ဟုလည်း ခန့်မှန်းထားကြ သည်။ ငတ်မွတ်ခေါင်းပါးမှု၊ စားနပ်ရိက္ခာဖူလုံမှုနှင့် အာဟာရဆိုင်ရာ ဆုတ်ယုတ်မှုများနှင့် ကမ္ဘာ့ကြီး ရင်ဆိုင်နေရသော စီးပွားရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကြောင့် လူတိုင်းအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ အလွယ်တကူ ပိုမိုရရှိနိုင်ရေးသည် များစွာအရေးပါလျက်ရှိသည်။
ကမ္ဘာ့လူဦးရေသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ ၈ ဘီလီယံအထိရှိလာပြီး ပြီးခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်အတွင်း နှစ်ဆတိုးလာခဲ့သည်။ ၎င်းတို့အနက် အစားအစာနှင့် အာဟာရမလုံလောက်မှု ခံစားနေရသော လူဦးရေသည် ၂၀၀၀ ပြည့်နှစ်တွင် ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယနေ့အချိန်တွင် ၁၁ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့သော်လည်း ကမ္ဘာ့လူဦးရေ သန်း ၈၂၀ ခန့်သည် စားနပ်ရိက္ခာလုံခြုံမှု မရှိသေးကြောင်း ကုလသမဂ္ဂ၏ အချက်အလက်များအရ သိရသည်။
လက်ရှိကာလ၌ ကမ္ဘာနိုင်ငံအသီးသီးတွင် ရာသီဥတုဖောက်ပြန်မှုနှင့်အတူ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကဏ္ဍများတွင် စိန်ခေါ်မှုများ တိုးလာနေသည်။ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအပူချိန်သည် နှစ်စဉ်နီးပါး စံချိန်သစ်တင်ခဲ့ပြီး ကောက်ပဲသီးနှံများကို ပျက်စီးစေသည့် ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် မုန်တိုင်းကြီးများကဲ့သို့ ပြင်းထန်သောရာသီဥတု ဖြစ်ရပ်များ ပိုအဖြစ်များလာသည်။ ပိုးမွှားများ၊ ပေါင်းပင်များ၊ ဗိုင်းရပ်စ်များနှင့် ရောဂါများသည် ဧရိယာအသစ်များသို့ ရွှေ့ပြောင်းပြီး သီးနှံများ၊ မွေးမြူရေးနှင့် ငါး၊ ပုစွန်ထုတ်လုပ်မှုကို ထိခိုက်စေ လျက်ရှိသည်။ ရာသီဥတုဖောက်ပြန်ခြင်းသည် ဖမ်းမိ ငါးဖမ်းလုပ်ငန်း၏ ကုန်ထုတ်စွမ်းအားကို ပြောင်းလဲစေကာ ငါးသိုလှောင်မှု၊ ဖြန့်ဖြူးမှုကိုလည်း ပြောင်းလဲစေပြီး အနာဂတ်တွင် ထုတ်လုပ်မှုလျော့နည်းလာမည်ကို စိုးရိမ်နေကြရသည်။
အခွင့်အလမ်းကောင်း
ထိုသို့သော အခြေအနေမျိုးတွင် စိုက်ပျိုးရေးကို အခြေခံပြီး စားနပ်ရိက္ခာ ကောက်ပဲသီးနှံ ထုတ်လုပ်နိုင်သည့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းများ များစွာပေါ်ပေါက်လာသည်ကို သုံးသပ်တွေ့ရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် ပေါ်ပေါက်လာသည့် အခွင့်အလမ်းကောင်းကို အမိအရရယူပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှုဆောင်ရွက်ရာတွင် ဆန်စပါးကဏ္ဍသည် ယခင်ကထက် ပိုမိုဦးစားပေး ဆောင်ရွက်ရန် လိုအပ် လာနေပြီဖြစ်သည်။
ထို့ကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၆ ရက်က ကျင်းပသည့် မြန်မာ့ဆန်စပါး ညီလာခံ- ၂၀၂၂ ဖွင့်ပွဲ အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် အမှာစကားတွင် “အရည်အသွေးနှင့် အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ဆန်စပါးတိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးကို ဦးစားပေးလုပ်ငန်း တစ်ခုအနေဖြင့် ဆောင်ရွက်သွားကြရန်နှင့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ရေးဆွဲအကောင် အထည်ဖော်လျက်ရှိသည့် အမျိုးသားပို့ကုန် မဟာ ဗျူဟာ၏ ဦးစားပေး ပို့ကုန်အမယ်ထဲတွင် ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍသည် ဦးစားပေးကဏ္ဍ တစ်ရပ်အဖြစ် ပါဝင်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဆန်စပါးဖူလုံမှုအခြေအနေမှာ ၁၄၂ ရာခိုင်နှုန်းရှိပြီး စိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့် နှင့် နွေစပါး စိုက်ဧက ၂ ဒသမ ၄ သန်း စုစုပေါင်းစပါး စိုက်ပျိုးဧက ၁၇ ဒသမ ၄ သန်းခန့် စိုက်ပျိုးနိုင်ခဲ့သည်။ ယခုနှစ် နွေစပါးရာသီအတွက် စိုက်ပျိုးဧက ၈ ဒသမ ၅ သိန်းတွင် အကျိုးတူလယ်ယာစနစ်ဆောင်ရွက်ရန်အတွက် နိုင်ငံတော်က တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် အထူးချေးငွေစီစဉ်ပေးထားပြီး ဆန်စပါးသီးနှံအတွက် ငွေကျပ် ဘီလီယံ ၁၄၀ အထိ ထောက်ပံ့ပေးအပ်သွားရန် စီစဉ်ပေးထားသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကတာဝန်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားကြီးများ ဈေးကောင်းရမည့် အရည် အသွေးကောင်းသီးနှံများ၊ မွေးမြူရေးတိရစ္ဆာန်များ၊ ရေသတ္တဝါများ၊ စိုက်ပျိုး၊ မွေးမြူထုတ်လုပ်နိုင်ရန် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်းနှင့် နည်းပညာပေးခြင်းများအပြင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း(GAP)၊ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးလေ့ကျင့်စဉ် (GAHP)၊ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP)တို့ကို ကျင့်သုံးရေးဆောင်ရွက်ခြင်း၊ Myanmar’s GAP Protocol and Guideline များ ထုတ်ပြန်ခြင်းတို့ကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးရေး
အနာဂတ်တွင် ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ရိတ်သိမ်းချိန်မတိုင်မီ စိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍတွင် တောင်သူလယ်သမားများအတွက် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးသည့် သီးနှံအာမခံစနစ်များ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ဒေသရေ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ဈေးကွက်ဝင်အထွက် ကောင်းမျိုးကောင်းမျိုးသန့်များကို မျိုးအရေအတွက် နည်းနည်း၊ ပမာဏများများဖြင့် ရွေးချယ်စိုက်ပျိုးစေရေး၊ ပြည်တွင်းစားသုံးရန်နှင့် ပြည်ပတင်ပို့ရန် စပါးမျိုးများကို စနစ်တကျရွေးချယ်ပြီး စိုက်ပျိုးရာတွင်လည်း ဒေသအလိုက် ဇုန်များသတ်မှတ်ပြီး စိုက်ပျိုးထုတ်လုပ်ရေး၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများနှင့် ပြည်ပတင်ပို့သူ ကုမ္ပဏီများအကြား အကျိုးတူလယ်ယာစနစ်ဖြင့် တစ်ဧကအထွက် နှုန်းတိုးတက်ပြီး ဝင်ငွေတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ ဆန်စပါးအထူးပြုကုမ္ပဏီကြီးများ ထူထောင်၍ တန်ဖိုးကွင်းဆက် တစ်လျှောက် စနစ်တကျထိရောက်စွာ စိုက်ပျိုးထုတ်လုပ်ဆောင်ရွက် နိုင်ရေးတို့အတွက် လိုအပ်ချက်များကို ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးဆောင်ရွက်ခြင်းနှင့်အတူ တောင်သူများအတွက် “သ” သုံးလုံးဖြစ် သည့် “သိပ္ပံနည်းကျစိုက်ပျိုးရေး၊ သီးထပ်သီးညှပ် စိုက်ပျိုးရေးနှင့် သီးနှံအထွက်တိုးရေး” တို့ကို တောင်သူလယ်သမားတို့၏ ပေါင်းစည်း အင်အားဖြင့် ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း မတ် ၂ ရက်တွင်ကျရောက်မည့် “ တောင်သူလယ်သမား နေ့”ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်။ ။
ကိုးကား -
(၁) https://cincds.gov.mm/node/16790
(၂) https://cincds.gov.mm/node/19698?d=1
(၃) https://www.oecd.org/agriculture/understanding-the-global-food-sys tem/how-we-feed-the-world-today/
(၄) https://www.fao.org/3/cc0639en/online/sofi-2022/food-security-nutrition-indi cators.html