မိုးယံ

လျှာပေါ်စွဲကျန်သည့် ခါးဆိမ့်ဆိမ့်အရသာကြောင့် ကော်ဖီကို လူမျိုးဘာသာမရွေး နှစ်သက်စွဲလမ်းစွာ သောက်သုံးကြသည်။ နံနက်စောစောတွင် နံနက်စာအဖြစ် သောက်သုံးလေ့ရှိကြသလို နေ့လယ်နေ့ခင်းအိပ်ချင်သည့်အခါ ကော်ဖီတစ်ခွက်သောက်လိုက်ရမှ အိပ်ချင်ပြေတတ်ကြသည်။ မိုးစို၍ ချမ်းအေးသည့်အခါ ကော်ဖီပူပူလေးသောက်တတ်ကြသည်။“ကော်ဖီသောက်တိုင်းလွမ်းတယ်၊ ကော်ဖီခါးခါး၊  ဘလက်ကော်ဖီ”  စသဖြင့်  တေးသီချင်းများတွင် တင်စားဖွဲ့နွဲ့ရလောက်အောင် ကော်ဖီက လူတိုင်း၏ နေ့စဉ်ဘဝတို့နှင့် နီးစပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာကော်ဖီနေ့

ကော်ဖီကို အဖျော်ယမကာအဖြစ် မြှင့်တင် ဂုဏ်ပြုသောအားဖြင့်  နှစ်စဉ် အောက်တိုဘာလ ၁  ရက်နေ့ကို  “International  Coffee  Day - အပြည်ပြည်ဆိုင်ရာကော်ဖီနေ့” အဖြစ် သတ်မှတ် ထားသည်။

ကော်ဖီနှင့်ပတ်သက်၍  အိမ်ရှင်မတစ်ဦးက “ကော်ဖီကို အချိုဓာတ်နည်းနည်းနဲ့ တစ်ခွက်ဖျော်ထားပြီး နံနက်စာပြင်ဆင်ရင်း၊ ထမင်းဟင်းချက်ရင်း၊ အိမ်မှုကိစ္စတွေလုပ်ရင်း  သောက်လိုက်ရမှ၊ မသောက်ရရင်  တစ်ခုခုလိုနေသလိုလို၊  စိတ်တိုဒေါသထွက်သလိုလို ခံစားရတယ်” ဟု  နေ့စဉ်လုပ်ငန်းဆောင်တာတို့ လုပ်ဆောင်နိုင်စွမ်းကို ကော်ဖီက အထောက်အကူပြုနေကြောင်း ၎င်း၏ထင်မြင်ချက်ကို အထက်ပါအတိုင်းဖွင့်ဟပြောကြားသည်။

Expresso၊ Americano၊ Ristretto၊ Caf Latte၊ Cappuccino၊ Flat White၊ Piccolo Latte၊ Mocha၊ Affogato၊ Latte စသဖြင့် မတူကွဲပြားသည့် ဖျော်စပ်မှုပုံစံအမျိုးမျိုးရှိပြီး ငွေကြေးတန်ဖိုးအနေဖြင့် ကော်ဖီတစ်ခွက်ကို  ငွေကျပ်တစ်ထောင် ဝန်းကျင်မှစ၍  သောင်းဂဏန်းအထိ  ကော်ဖီအမျိုးအစားနှင့် အရည်အသွေးအပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိကြသည်။ 

စိုက်ပျိုးထုတ်လုပ်မှုပုံစံများ၊ စိုက်ခင်းများတွင် ပြုစုထိန်းသိမ်းမှု၊ ကော်ဖီသီးကို Processing ပြုလုပ်မှု၊ သိုလှောင်ထိန်းသိမ်းမှုနှင့် အခြောက်ခံမှု စသဖြင့် ကော်ဖီကောင်းတစ်ခွက်ရရန် လိုအပ်သည့် အဆင့်များစွာရှိသည်။ 

“ဈေးကောင်းရဖို့ဆိုရင် ထုတ်လုပ်တဲ့ကော်ဖီ က  အရည်အသွေးကောင်းဖို့  လိုအပ်ပါတယ်။ အရည်အသွေးကောင်းတဲ့ အထူးတန်းဝင်ကော်ဖီ (Specialty  Coffee)  ရဖို့ဆိုရင် အရေးကြီးတဲ့ လိုအပ်ချက်တွေရှိပါတယ်။ စိုက်ပျိုးတဲ့နေရာဒေသ၊ ကော်ဖီမျိုး၊ စိုက်ပျိုးပြုစုတဲ့နည်းစနစ်တွေနဲ့ ထွက်ရှိ လာတဲ့ ကော်ဖီသီးကို Processing လုပ်ပုံလုပ်နည်းတွေက အရည်အသွေးကောင်းကော်ဖီရဖို့ အလွန် အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။ အထူးတန်း ဝင်ကော်ဖီအဖြစ်ထုတ်လုပ်ပြီး   နိုင်ငံတကာဈေးကွက်ကို တင်ပို့နိုင်မှသာ ဈေးကောင်းရရှိမှာ ဖြစ်ပါတယ်”ဟု  စိုက်ပျိုးရေးဦးစီးဌာနမှ  ကော်ဖီပညာရှင်တစ်ဦးက ပြောသည်။

ကော်ဖီသီးနှံ၏ မူရင်းဒေသမှာ အီသီယိုးပီးယားနိုင်ငံဖြစ်ပြီး ၁၃ ရာစုတွင် စတင်တွေ့ရှိခဲ့ကာ ထိုမှတစ်ဆင့်  ကော်ဖီပင်သည်  အီဂျစ်နိုင်ငံနှင့်  ယီမင်နိုင်ငံတို့သို့ ပျံ့နှံ့ခဲ့သည်။ ၁၅ ရာစုနောက်ပိုင်းတွင် အင်္ဂလန်၊ ဘရာဇီး၊ ဩစတြေးလျ၊ အမေရိက၊ အင်ဒိုနီးရှားနှင့်  အိန္ဒိယနိုင်ငံတို့၌  စိုက်ပျိုးခဲ့ကြသည်။

မြန်မာနိုင်ငံ၌ ၁၈၈၅ ခုနှစ်တွင် စတင်စိုက်ပျိုး

၁၇၂၇  ခုနှစ်တွင်  ဘရာဇီးနိုင်ငံနှင့်  ၁၈၅၇ ခုနှစ်တွင်  ဗီယက်နမ်နိုင်ငံတို့၌ ကော်ဖီပင် အမြောက်အမြား  စိုက်ပျိုးထုတ်လုပ်လာကြပြီး မြန်မာနိုင်ငံ၌ ၁၈၈၅ ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ 

ကမ္ဘာ့ကော်ဖီကုန်သွယ်မှု၏ ရာခိုင်နှုန်း ၇၀ မှာ အာရေဘီးကားကော်ဖီဖြစ်ပြီး ရာခိုင်နှုန်း ၃၀ မှာ ရိုဘတ်စတာကော်ဖီဖြစ်သည်။  ဘရာဇီးနိုင်ငံ သည်  ကမ္ဘာပေါ်တွင်  အာရေဘီးကားကော်ဖီ အများဆုံး  စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရိုဘတ်စတာကို အများဆုံးထုတ်လုပ်သည်။ 

ကော်ဖီပင်သည်   အမြဲစိမ်းအပင်မျိုးဖြစ်၍ အလိုအလျောက်ပစ်ထားလျှင် အမြင့်ပေ ၃ဝ ကျော်အထိ ရှင်သန်နိုင်ပါသည်။ ကော်ဖီပင်တွင် အရွက် နှင့်အကိုင်းများဆုံသည့်  အရွက်ညှာခွများတွင် အလွန်မွှေးကြိုင်သည့် ပန်းဖြူများ အစုလိုက်ပွင့် တတ်ကြသည်။ ကော်ဖီပင်များသည် သုံးနှစ်သား အရွယ်ခန့်တွင် စတင်သီးပွင့်သော်လည်း လေး-ငါး နှစ်သားအရွယ်ရောက်မှ စီးပွားဖြစ် စတင်ခူးဆွတ် ကြသည်။  ကော်ဖီပင်အား   စနစ်တကျပြုစု ထိန်းသိမ်းပါက အနှစ် ၂ဝ မျှကြာအောင် စီးပွားဖြစ် အထွက်နှုန်းကိုရနိုင်သည်။ အသီးများသည် ပထမ၌ အစိမ်းရောင် ထိုမှတစ်ဆင့် အဝါရောင် နောက်ဆုံး ခူးဆွတ်ချိန်တွင် အနီရောင်ဖြစ်သွားသည်။ 

ကော်ဖီမျိုးစိတ်ပေါင်း    များစွာရှိသည့်အနက်  မြန်မာနိုင်ငံတွင် အာရေဘီးကား (ကုန်းမြင့်ကော်ဖီ)နှင့် ရိုဘတ်စတာ (မြေနိမ့်ကော်ဖီ) နှစ်မျိုးကို  အဓိကစိုက်ပျိုးထုတ်လုပ်ကြပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်ဒေသနှင့် မိုးကုတ်မြို့နယ်တို့တွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အာရေဘီးကား(ကုန်းမြင့်ကော်ဖီ)ကိုစိုက်ပျိုးနိုင်

“အမြင့်ပေ ၂၅၀၀ ကနေ ၆၀၀၀ အကြားဆိုရင်  အာရေဘီးကား(ကုန်းမြင့်ကော်ဖီ) ကို ‌စိုက်ပျိုးနိုင်ပြီး အမြင့်ပေ  ၂၅၀၀  အောက်ဆိုရင်  ရိုဘတ်စတာ (မြေနိမ့်ကော်ဖီ) ကို စိုက်ပျိုးနိုင်ပါတယ်။ အာရေဘီး ကားကော်ဖီရဲ့  သဘာဝက  ကုန်းမြင့်ရင်  အရည် အသွေးပိုကောင်းလာပေမယ့်  အထွက်နှုန်းတော့ နည်းသွားတတ်ပါတယ်။ ဒါကြောင့် အမြင့်ပေက အရည်အသွေးကို လွှမ်းမိုးမှုရှိသလို အထွက်နှုန်း အပေါ်လည်း သက်ရောက်မှုရှိပါတယ်။ အာရေဘီး ကားမျိုးစိတ်ရဲ့အောက်မှာ မျိုးကွဲတွေက အများကြီး ရှိပါတယ်။ ဒီမျိုးကွဲတွေက  သောက်သုံးရတဲ့ အရသာ၊  အရည်အသွေး၊  ပိုးမွှားရောဂါဒဏ်  ခံနိုင်ရည်ရှိမှု၊  ရေငတ်ဒဏ်ခံနိုင်ရည်ရှိမှု   စတဲ့ အရည်အသွေးလက္ခဏာတွေ မတူညီကြပါဘူး” ဟု စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာန ခွဲမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

မြန်မာနိုင်ငံ၏    နှစ်စဉ်ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုသည် တန်ချိန်  တစ်သောင်းခန့်ရှိပြီး တန်ချိန် ၈၀၀၀ ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။ 

အရည်သွေးမြင့် မြန်မာ့ကော်ဖီသည် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၆၂၀၀ မှ ၈၂၀၀ ခန့် အထိရရှိနေပြီး အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့အထိ ဈေးကွက်ရရှိထားပြီးဖြစ်ကြောင်း  မှတ်တမ်းများ အရ သိရသည်။ 

“နိုင်ငံခြားကိုတင်ပို့တာက ကော်ဖီဆန်အစိမ်း ကို ပို့တာဖြစ်တဲ့အတွက် ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက်လုံးမှာ နည်းပညာနဲ့ ပြည့်စုံပြီး သေသေချာချာ ဂရုစိုက်ထုတ်လုပ်မှသာ အထူးတန်းဝင်တဲ့ကော်ဖီကို ရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ အထူးတန်းဝင်ကော်ဖီကို အများကြီး မထုတ်လုပ်နိုင်သေးပါဘူး။ အခု မျိုးရွေး  ချယ်မှုတွေနဲ့ စိုက်ပျိုးထုတ်လုပ်မှုတွေ အထူးတန်း ဝင်အောင် အတော်လေး ဂရုစိုက်လာကြပါပြီ” ဟု စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီပညာရှင်တစ်ဦးက  ပြောသည်။ 

 မြန်မာနိုင်ငံတွင်  အထူးတန်းဝင်ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရန် ရေခံမြေခံကောင်းများရှိသော် လည်း ဒေသတွင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအိုတို့နှင့်နှိုင်းယှဉ်ပါက  စိုက်ပျိုးထုတ်လုပ်မှု အရေအတွက်  နည်းသည့်အတွက်  စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်စေရန်   မျိုး၊   ပျိုးပင်နှင့် နည်းပညာများကို  နိုင်ငံပိုင်ခြံများနှင့်   ပုဂ္ဂလိက  ခြံများမှ   ဖြန့်ဖြူးပေးလျက်ရှိကြောင်း   သိရသည်။

ကော်ဖီပညာရှင်များ

ကော်ဖီသီးနှံကို  ဧကကျယ်စိုက်ခင်းများဖြင့် စနစ်တကျစိုက်ပျိုးထုတ်လုပ်မှုကို အဓိက မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်တွင် အများဆုံး တွေ့ရှိရပြီး လက်ရှိအချိန်အထိ ကော်ဖီစိုက်ဧက တစ်သောင်းကျော်ရှိကြောင်း  သိရသည်။  မြန်မာ နိုင်ငံ၏ကော်ဖီစိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါ က ၂၀၃၀ ပြည့်နှစ်တွင် ထုတ်လုပ်မှုပမာဏ တန်ချိန် တစ်သောင်းခွဲမှ နှစ်သောင်းအထိ ရောက်ရှိလာမည် ဟု ကော်ဖီပညာရှင်များက ခန့်မှန်းထားသည်။ 

ပြင်ဦးလွင်မြို့သည်    ရေမြေရာသီဥတု ကောင်းမွန်ပြီး  သာယာလှပသဖြင့်  ပြည်တွင်းခရီး သွားများနှင့် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမှု များပြား၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သော မြို့တစ်မြို့ဖြစ်သည်။
 
တောင်ပေါ်အပန်းဖြေစခန်းမြို့အဖြစ်   ခရီး သွားများကိုဆွဲဆောင်နိုင်ရန် ပြင်ဦးလွင်မြို့ကို နိုင်ငံ တကာအဆင့်မီ  သာယာလှပအောင်  ဆောင်ရွက် လျက်ရှိပြီး ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့်မြို့ဖြစ် ၍ ကော်ဖီမြို့တော်အဖြစ်  အကောင်အထည်ဖော် ခြင်းဖြင့်  ပိုမိုဖွံ့ဖြိုးတိုးတက်အောင်  နိုင်ငံတော်က ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

ပြင်ဦးလွင်မြို့ကို   ကော်ဖီမြို့တော်အဖြစ် ထင်ရှားလာစေရန်၊  မြန်မာ့ကော်ဖီအရည်အသွေး နှင့် ထုတ်လုပ်မှုတိုးတက်ပြီး  ကမ္ဘာ့ကော်ဖီဈေးကွက် သို့  ပိုမိုထိုးဖောက်နိုင်ရန်အတွက်   ရည်ရွယ်၍ ပြင်ဦးလွင်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊  ကော်ဖီနည်းပညာဖွံ့ဖြိုးရေး ခြံ(ပွေးတောင်)ကို ကော်ဖီအပန်းဖြေဥယျာဉ်တစ်ခု အဖြစ် ရည်ရွယ်ဖော်ဆောင်လျက်ရှိသည်။ 

ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်)သည် မြေဧကအားဖြင့်  ၃၈၆  ဒသမ  ၃  ဧက ကျယ်ဝန်းပြီး  ကော်ဖီမျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးခြင်း၊ တောင်သူနည်းပညာဖြန့်ဝေခြင်း၊ သုတေသနပြုလုပ်ခြင်း  စသည့်လုပ်ငန်းတို့ကို အဓိကထားလုပ်ဆောင်လျက်ရှိသည်။

ဒေသအလိုက်စိုက်ပျိုးနိုင်သောကော်ဖီမျိုးများ

ယခုအခါ ကော်ဖီအပန်းဖြေဥယျာဉ်ကို မြေဧက  ၈၃ ဒသမ ၄၈ ဧကတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ကော်ဖီဥယျာဉ်အတွင်းရှိ Information Center  တွင်  ကမ္ဘာ့ကော်ဖီသမိုင်း၊ မြန်မာ့ကော်ဖီသမိုင်း၊ မြန်မာနိုင်ငံတွင်  ဒေသ အလိုက်စိုက်ပျိုးနိုင်သော ကော်ဖီမျိုးများအကြောင်း နှင့် Coffee Knowledge Center တွင် ကော်ဖီနှင့် ပတ်သက်သည့်  သိကောင်းစရာ  ဗဟုသုတများကို အပန်းဖြေအနားယူရင်း လွယ်ကူစွာလေ့လာနိုင်မည် ဖြစ်သည်။

ထို့ပြင် ကော်ဖီစစ်စစ်အရသာကို သောက်သုံး နိုင်သည့်ကော်ဖီဆိုင်များ၊ ပြင်ဦးလွင်ဒေသထွက်ကုန် ပစ္စည်းများကို  တစ်နေရာတည်းတွင်  တစုတစည်းတည်း လေ့လာဝယ်ယူနိုင်မည်ဖြစ်သည်။ 

“သဘာဝပတ်ဝန်းကျင်ကို   မထိခိုက်စေဘဲ ပြည်သူလူထု  အနားယူအပန်းဖြေခရီးသွားလာ နိုင်တဲ့  နေရာတစ်ခုအဖြစ် ဖန်တီးမှာဖြစ်ပါတယ်။ လာရောက်တဲ့ခရီးသွားတွေအနေနဲ့ ရာသီအလိုက် ပန်းတွေနဲ့ သန့်ရှင်းသာယာပြီး သဘာဝတောတောင် ရေမြေကို  ထိတွေ့ခံစားခွင့်ရရှိမှာဖြစ်ပါတယ်”ဟု  ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်) တာဝန် ခံကပြောသည်။ 

ကော်ဖီအပန်းဖြေဥယျာဉ်တွင် သဘာဝကို ခံစားထိတွေ့နိုင်ရန် တောတွင်းလျှောက်လမ်းများ၊ ချောင်းရိုးတစ်လျှောက်လူသွားလမ်းများ၊ သဘာဝ ရေထွက်ကန်အနီး ဆပ်သွားဖူးတောအတွင်း ရွှံ့နွံ တောလျှောက်တံတားများ၊ သဘာဝရေထွက်ကန် (၁) နှင့်  (၂)  တို့မှ  စီးဆင်းလာသည့် ချောင်းရိုး တစ်လျှောက် အလှဆင်သည့်လုပ်ငန်းများ၊ အလှ ဓာတ်ပုံရိုက်ကူးနိုင်ရန်နေရာများ၊ ရှားပါးအပင်များ နှင့် သက်တမ်းနှစ်ပေါင်း  ၁၂၀  ခန့်ရှိသည့် ညောင် ထောက်ပင်အား အလှဆင်ခြင်းလုပ်ငန်း၊ ကော်ဖီ စိုက်ခင်းများ၊ Coffee Barista Camp ၊ ကော်ဖီကြိတ် ခွဲထုတ်လုပ်သည့်စက်ရုံများပါဝင်မည်ဖြစ်သည်။

“ခရီးသွားတွေစိတ်နှလုံးကို အေးချမ်းစေမယ့် နေရာတစ်ခုအဖြစ်   လာရောက်အပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအပန်းဖြေဥယျာဉ်အဖြစ် အကောင်  အထည်ဖော်လိုက်ခြင်းအားဖြင့် သဘာဝအခြေခံတဲ့ ခရီးသွားလုပ်ငန်းအဖြစ် ပြည်သူတွေအတွက် အလုပ် အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်ပြီး   ဒေသထွက်ကုန်တွေ၊ ကော်ဖီ ထုတ်ကုန်တွေ  ရောင်းဝယ်ဖောက်ကားမှု  ပိုမို တွင်ကျယ်လာပြီး ဒေသတွင်းဝင်ငွေပိုမိုတိုးတက် ရရှိလာစေမှာဖြစ်ပါတယ်” ဟု  ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(ပွေးတောင်) တာဝန်ခံကဆိုသည်။ 

ယခုအခါ  ကော်ဖီဥယျာဉ်အဖြစ်  အကောင် အထည်ဖော်ခြင်းဖြင့်  ကော်ဖီနှင့်ပတ်သက်သည့် အသိပညာများ  ပိုမိုလွယ်ကူစွာပြန့်ပွားရေးနှင့်  တစ်နေရာတည်းတွင်  လွယ်ကူလျင်မြန်စွာ ရောင်းဝယ်ဖောက်ကားနိုင်သော One Stop Service ကော်ဖီဈေးကွက်တစ်ခု ဖော်ဆောင်သည့် လုပ်ငန်းကို ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့်  ကော်ဖီချစ်သူများအနေဖြင့် ကော်ဖီစိုက်ပျိုးမှုမှ  ကော်ဖီမှုန့်ရရှိသည်အထိ ထုတ်လုပ်ပုံအဆင့်ဆင့်ကို ဗဟုသုတရလို၍ဖြစ်စေ၊ ကော်ဖီစစ်စစ်အရသာကို မြည်းစမ်းလို၍ဖြစ်စေ၊ ရာသီအလိုက်ပန်းများနှင့် သာယာလှပသည့် သဘာဝ တရားနှင့်ထိတွေ့ခံစားလို၍ဖြစ်စေ  ပြင်ဦးလွင် မြို့နယ်မှ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (ပွေးတောင်)  ကော်ဖီဥယျာဉ်သို့ တစ်ခေါက်တစ်ခါ လှမ်းလာခဲ့ပါ ဟု ဖိတ်ခေါ်လိုက်ရပါသည်။   ။