မတ် ၁

 

တူကီယဲနိုင်ငံအရှေ့ပိုင်းတွင် တနင်္လာနေ့က ပြင်းအား ၅ ဒသမ ၆ ပမာဏရှိငလျင်ထပ်မံလှုပ်သဖြင့် တစ်ဦးသေဆုံးပြီး အခြား ၆၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီက ပြောကြားသည်။ ထိုငလျင်ဗဟိုချက်သည် မာလတ်ရာပြည်နယ် ရီဆဲယတ်ခရိုင်တွင် တည်ရှိကြောင်းနှင့် အဆောက်အဦများပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

 

အဆိုပါငလျင်သည် ပြင်းအား ၇ ဒသမ ၇ ၊  ၆ ဒသမ ၄ နှင့် ၇ ဒသမ ၆ ပမာဏရှိငလျင်များလှုပ်ပြီးနောက် သီတင်းပတ်သုံးပတ်အကြာတွင် ထပ်မံလှုပ်ခတ်ခြင်းဖြစ်သည်။

 

ဖေဖော်ဝါရီ ၆ ရက်နေ့က ထိုငလျင်များလှုပ်မှုကြောင့် လူပေါင်း ၄၄၀၀၀ ကျော် သေဆုံးခဲ့သည်။

 

တူကီယဲနိုင်ငံတောင်ပိုင်း ဟာတေပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်က နောက်ဆက်တွဲငလျင်နှစ်ကြိမ်ထပ်မံလှုပ်ခတ်သဖြင့် လူခြောက်ဦးသေဆုံးခဲ့သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို