ပေကျင်း၊ မတ် ၂
တရုတ်နိုင်ငံ၏ လူမှုမီဒီယာတစ်ခုဖြစ်သည့် တစ်တော့ (Tik Tok) က အသက် ၁၈ နှစ်အောက် သုံးစွဲသူများ အတွက် နေ့စဉ်အသုံးပြုချိန်ကို မိနစ် ၆၀ အထိသာ ကန့်သတ်သွားမည်ဖြစ်ကြောင်း အဆိုပါ လူမှုမီဒီယာတစ်တော့က ပြောကြားသည်။
နေ့စဉ် သုံးစွဲမှုကန့်သတ်ချိန် သတ်မှတ်မှုကို လာမည့်ရက်သတ္တပတ်အတွင်း စတင်မည်ဖြစ်ကြောင်းနှင့် ဝန်ဆောင်မှုအသစ်များကိုလည်း သုံးစွဲ သူများအား မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် ကြေညာထားကြောင်း သိရသည်။
သုံးစွဲမှု အလိုအလျောက်ရပ်တန့်
အသက် ၁၈ နှစ်အောက် သုံးစွဲသူများသည် တစ်တော့အက်ပလီကေးရှင်းကို မိနစ် ၆၀ အထိ သုံးစွဲချိန်ကြာမြင့်ပါက သုံးစွဲမှုအလိုအလျောက် ရပ်တန့်သွားမည်ဖြစ်ပြီး ၎င်းတို့၏ အကောင့်ပြန်ဝင်မှသာ ပြန်လည်သုံးစွဲခွင့်ရရှိမည်ဖြစ်သည်။
ထို့ပြင် အုပ်ထိန်းသူမိဘများက ၎င်းတို့သားသမီးများ၏ တစ်တော့ အက်ပလီကေးရှင်း နေ့စဉ်သုံးစွဲမှု အချိန် ပမာဏကို ၎င်းတို့ကြိုက်နှစ်သက်သည့် အချိန်ကြာမြင့်မှုအထိ ထားရှိနိုင်ရန် စီစဉ် ပေးထားမည်ဖြစ်သည်။
တစ်တော့အက်ပလီကေးရှင်းကို ၎င်းတို့၏ ကလေးများ သုံးစွဲသည့် ကြာမြင့်ချိန်နှင့် ၎င်းတို့၏ အကောင့်ကို ဘယ်နှကြိမ် ပြန်လည်ဝင်ရောက်သလဲစသည့် အချက်အလက်များကိုလည်း မိဘအုပ်ထိန်းသူများက စစ်ဆေးနိုင်မည်ဖြစ်သည်။
တစ်တော့ အက်ပလီကေးရှင်း၏ အမှုဆောင်အရာရှိချုပ် ရှောင်ဇီချူးက လူငယ်များ တစ်တော့ အက်ပလီကေးရှင်း သုံးစွဲမှု၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်ပြီး မိဘအုပ်ထိန်းသူများ၏ စိုးရိမ်မှုများ လျော့ပါးစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အမေရိကန်နိုင်ငံအတွင်း တစ်တော့အက်ပလီကေးရှင်းအသုံးပြုမှုကို တားမြစ်ရန် သမ္မတ ဂျိုးဘိုင်ဒင်က ခွင့်ပြုခဲ့သည့် ဥပဒေကြမ်းတစ်ရပ်ကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ယမန်နေ့တွင် အတည်ပြုခဲ့သည်။
အလားတူ ကနေဒါဘဏ္ဍာရေး ဘုတ်အဖွဲ့က ကနေဒါနိုင်ငံထုတ် မိုဘိုင်းဖုန်းများတွင် တစ်တော့အက်ပလီကေးရှင်း ထည့်သွင်းထားရှိမှုကို ဖယ်ရှားပစ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၇ ရက်တွင် ကြေညာခဲ့သည်။
ဥရောပပါလီမန်က ဥရောပနိုင်ငံများအတွင်း မှတ်ပုံတင်ထားသည့် မိုဘိုင်းဖုန်းများတွင် တစ်တော့အက်ပလီကေးရှင်း သုံးစွဲမှုကို တားမြစ်ထားကြောင်း သိရသည်။
အဆိုပါတားမြစ်မှုသည် မတ် ၂၀ ရက် တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်