နောင်တရား မတ် ၃

တပေါင်းလပြည့်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် ပအိုဝ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ မတ် ၃ ရက် နံနက်ပိုင်းကပ စတင်ကျင်းပသည်။

(၇၄)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ ကွင်းဖွင့်ပွဲကို ပအိုဝ်းသွီသီချင်းဖြင့် စတင်ခဲ့ပြီး နှစ်စဉ် ထည့်သွင်း ကျင်းပမြဲဖြစ်သည့် ပအိုဝ်းရိုးရာ အကပဒေသာပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။ ကွင်းဖွင့်ပွဲနေ့တွင် ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့် အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို မွန်းလွဲပိုင်းတွင် ပအိုဝ်းသွီးအသင်းနှင့် တက်သစ်စဆည်ခေါင်းလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ မတ် ၅ ရက် (တပေါင်းလပြည့်နေ့) ပအိုဝ်းအမျိုးသားနေ့တွင် နံနက်ပိုင်း၌ နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသား အလံတင်အခမ်းအနားပြုလုပ်ခြင်း၊ ပဒေသာပင်များ စီတန်းလှည့်လည်ခြင်း၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ခြင်း၊ မွန်းလွဲပိုင်တွင် ဓမ္မာစရိယနှင့် အကြီးတန်း စာအောင်သံဃာတော်များကို ဆုတံဆိပ်ကပ်လှူခြင်း၊ ဘုရားအမူပြုသော သံဃာတော်များထံမှ ငါးပါသီလနှင့် နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ နာယူကြမည်ဖြစ်သည်။

အဆိုပါ ပအိုဝ်းအမျိုးသားနေ့ကို ပင်လောင်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၄ အုပ်စုမှ ပအိုဝ်းတိုင်းရင်းသားများ စုပေါင်းပါဝင်ကြပြီး ပအိုဝ်းအမျိုးသားနေ့ကို မတ် ၃ ရက်မှ မတ် ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ 

ခွန်အောင်(နောင်တရား)