စစ်တွေ မတ် ၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၃ ရက် နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံပြီး  ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်း၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံဆွေးနွေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က “ပုဏ္ဏားကျွန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ဆောင်ကြရန် အခြေခံကောင်းများ များစွာရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုကြိုးစားလုပ်ကိုင်ကြစေလိုကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြလိုကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပြည်နယ်ဖွံ့ဖြိုးတို့းတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန်” ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာအနီး၌ နေကြာပန်း ကဏန်းမွေးမြူရေးကုမ္ပဏီလီမိတက်မှ ကဏန်းပျော့မွေးမြူထုတ်လုပ်နေပုံများကို သွားရောက် ကြည့်ရှုအားပေးရာ ကုမ္ပဏီတာဝန်ခံက မွေးမြူရေးကန်အတွင်း ကဏန်းများမွေးမြူထားရှိမှု၊ ကဏန်းပျော့များ မွေးမြူထုတ်လုပ်နေမှု၊ ကုန်ချောပြုပြင်ထုတ်လုပ်နေမှုတို့ကို လိုက်လံရှင်းလင်းပြသသည်။ အလားတူ ကုမ္ပဏီတာဝန်ခံက ဒေသခံများအား အလုပ်ခန့်ထားနိုင်မှုနှင့် ကုန်ချောများပိုမို ထုတ်လုပ်နိုင်ရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ တံတားအထူးအဖွဲ့(၇)မှ၊ ရန်ကုန် - စစ်တွေအဝေးပြေးကားလမ်းပေါ်ရှိ မင်းချောင်းတံတား ၂၀၀၃ ပေအား အကြီးစား ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

တင်ထွန်း(ပြန်/ဆက်)