ရန်ကုန်၊ မတ် ၅
ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲ (အောင်ပွဲ) နှင့် ရေစက်ချပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်၌ ကျင်းပသည်၊၊
အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်၊၊
အခမ်းအနားတွင် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ ရွှေတိဂုံစေတီတော် ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဏိတ၊ တိပိဋက ဩဝါဒါစရိယ စေတိယင်္ဂဏ ပဝရသိရီ မဟာဓမ္မဂုရု၊ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တနာရဒါ ဘိဝံသထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက် တည်ကြသည်၊၊
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဂေါပကအဖွဲ့ဝင် ဦးသိန်းထွဋ်မောင်က ဗုဒ္ဓပူဇနိယမင်္ဂလာရေစက်ချ အနုမောဒနာ စာတမ်းကို ဖတ်ကြားလျှောက်ထားသည်၊၊
ယင်းနောက် ဩဝါဒါဆရာတော်ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်၊၊
ထို့နောက် နိုင်ငံတော်သံဃာမဟာ နာယကအဖွဲ့ဝင်၊ ရွှေတိဂုံစေတီတော် ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာဂန္တဝါစက ပဏ္ဏိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ တိပိဋကဓရ ပါဠိပါရဂူ ရွှေပြည်သာကျောင်းတိုက်ဆရာ တော် ဘဒ္ဒန္တနာရဂိတထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ ရေစက်ချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်၊၊
ဆက်လက်၍ စေတီတော်ရင်ပြင် ရောင်တော်ဖွင့် တန်ဆောင်၌ ဩဝါဒါဆရာတော် ကြီးများနှင့် သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်၊၊
နံနက်(၅)နာရီတွင် ရွှေတိဂုံစေတီတော် ရာဟုထောင့်ရှိ အောင်မြေတွင် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ နှင့် ဂေါပကရုံး ဝန်ထမ်းများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းများဖြင့် ကပ်လှူပူဇော်ကြသည်၊၊
ယနေ့တပေါင်း လပြည့်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် တန်ခိုးကြီးဘုရားများနှင့် အနယ်နယ်အရပ်ရပ်ရှိ စေတီပုထိုများတွင် ဘုရားဖူး ပြည်သူများ လာရောက်၍ ပန်း ၊ရေချမ်း၊ ဆီမီးများဖြင့် ကပ်လှူပူဇော်ကြကာ ကုသိုလ်ဘာဝနာများ ပွားများလျှက်ရှိကြပြီး ပန်းခြံ၊ ဥယျာဉ်များတွင်လည်း အေးချမ်းစွာ အပန်းဖြေ အနားယူလျှက်ရှိကြသည်ကို စည်းကားစွာတွေ့မြင်ခဲ့ရသည်၊၊
ကိုကိုဇော်-(MNA)