ဘားအံ မတ် ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်တွင် ဘားအံခရိုင်အတွင်းရှိ ကျေးရွာ ၁၅ ရွာ၌ ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၄၈ ဒသမ ဝ၃ သန်းဖြင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘားအံမြို့နယ်အတွင်းရှိ ကော့တာမွန်(ရွာသစ်)ကျေးရွာ၊ ကော့မူးသွေကျေးရွာ၊ နောင်ပေါက်ကျေးရွာ၊ ဒေါပလိန်းကျေးရွာ၊ ရွှေကဲကျေးရွာ၊ ပန်းစိန်ကျေးရွာ၊ ကြာအင်းရွာကြီးကျေးရွာ၊ မိကရင်ကျေးရွာ၊ ကော့ဂွန်း(ရွာသစ်)ကျေးရွာ၊ ရှောက်ကုန်းကျေးရွာနှင့် လှာကာအလယ်ကျေးရွာ၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကုန်းကလေးကျေးရွာ၊ တဝန်ဖန်ရကျေးရွာ၊ ကရင်စုကျေးရွာနှင့် ဆင်သေကုန်းကျေးရွာတို့၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၄၈ ဒသမ ဝ၃ သန်း အသုံးပြု၍ တင်ဒါစနစ်ဖြင့် ဆောင်ရွင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာ ၁၅ ရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကြောင့် အိမ်ခြေ ၂၅၈၃ အိမ်၊ လူ ၁၃၅၀၁ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာရရှိပြီး လာမည့်နွေရာသီကာလတွင် သောက်သုံးရေ ရှားပါးသည့် အဆင်မပြေမှုများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ဘားအံခရိုင် ဦးစီးမှူး ဦးဝင်းဇော်ထံမှ သိရသည်။

 

ငယ်လေး