မတ် ၆

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းတွင် နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ရာ နှင်းလျှောစီးသမားတစ်ဦးသေဆုံးခဲ့ပြီး အခြားတစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

ယမန်နေ့မနက် ၁၁ နာရီ  ၃၀ မိနစ်ဝန်းကျင်က မိသားစုတစ်စုမှ ၎င်းတို့၏မိသားစုဝင်တစ်ဦး ယိုတီတောင်တွင် နှင်းလျှောစီးနေစဉ်  ပျောက်ဆုံးသွားကြောင်း ရဲတပ်ဖွဲ့ထံဖုန်းဆက်ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က နှင်းထုများအောက်တွင်မြုပ်နေသော အမျိုးသားတစ်ဦးကိုတွေ့ရှိခဲ့ရာ ၎င်းအားဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း  သေဆုံးသွားကြောင်း ဖော်ပြထားသည်။

ချီမီဇူမြို့ရှိ ပီကရီဘတ်ဆုတောင်တွင်လည်း မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းနှင့် နှင်းလျှောစီးနေစဉ် နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးနှင်းထုပိမိနေကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိခဲ့သည်။

ထိုသူမှာအသက် ၆၀ အရွယ်အမျိုးသားတစ်ဦးဖြစ်ကြောင်းနှင့် အခြားသုံးဦးနှင့်အတူနှင်းလျှောစီးနေစဉ် နှင်းထုပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ယင်းအမျိုးသားအားရှာဖွေနေကြသော်လည်း ယခုချိန်အထိ ခြေရာခံ၍မရသေးကြောင်း ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို