မတ် ၆

ဘင်္လားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ ကုမ္ပဏီရုံးတွင် ယမန်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လူသုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါပေါက်ကွဲမှုသည် ယမန်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအဆောက်အဦတွင် ပေါက်ကွဲမှုနှင့် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများတွေ့ရှိခဲ့ကြောင်း ဒါကာရဲတပ်ဖွဲ့မြို့မဈေးသစ်တာဝန်ခံ ရှာဟာဘူလ်က သတင်းထောက်များအားပြောကြားသည်။

ထိုအဆောက်အဦပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လူ ၂၂ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

ယင်းပေါက်ကွဲမှုကြောင့် အဆောက်အဦ၏ အစိတ်အပိုင်းအချို့လည်း ပြိုကျခဲ့ကြောင်း ထိုတာဝန်ရှိသူက ပြောကြားသည်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် မီးလောင်ကျွမ်းမှုကိုငြှိမ်းသတ်နိုင်ရန်အတွက် မနက် ၁၀ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် မီးသတ်တပ်ဖွဲ့လေးဖွဲ့ကို စေလွှတ်ခဲ့ပြီး နာရီဝက်နီးပါးအကြာတွင်  မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့တာဝန်ကျအရာရှိ ခါလီဒါက  ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို