နေပြည်တော် မတ် ၇

(၂၅) ကြိမ်မြောက် အာဆီယံငွေရေးကြေးရေး ပေါင်းစည်းရေးဆိုင်ရာ အဆင့်မြင့်ကော်မတီ အစည်းအဝေး (25th ASEAN Senior Level Committee- SLC on Financial Integration) ကို ယနေ့ မြန်မာစံတော်ချိန် နံနက် ၈ နာရီတွင် Hybrid Format ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် တက်ရောက်သည်။

ဦးစွာ ပူးတွဲသဘာပတိများဖြစ်ကြသည့် စင်ကာပူနိုင်ငံငွေကြေးအာဏာပိုင်အဖွဲ့မှ ဒုတိယ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် လာအိုနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက အဖွင့်အမှာစကားများ ပြောကြားကြပြီး၊  အာဆီယံ+၃ မေခရိုစီးပွားရေး သုတေသနရုံး (ASEAN+3 Macroeconomic Research Office - AMRO) နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (Asian Development Bank-ADB) တို့က လတ်တလော မေခရိုစီးပွားရေးအခြေအနေများ၊ ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်းဆိုင်ရာ ငွေရေးကြေးရေးဖွံ့ဖြိုး တိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြကြသည်။

ဆက်လက်၍ အာဆီယံနိုင်ငံများအချင်းချင်း သတင်းအချက်အလက် အပြန်အလှန်ချိတ်ဆက် နိုင်သောမူဘောင် (ASEAN Interoperable Data Framework) နှင့် အာဆီယံနိုင်ငံများအချင်းချင်း ငွေပေးချေမှုစနစ်များ ချိတ်ဆက်မှုအစီအစဉ် (ASEAN Multilateral Payments Connectivity Initiative) တို့နှင့်စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေများကို သက်ဆိုင်သည့် လုပ်ငန်းကော်မတီများက ရှင်းလင်း တင်ပြကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများ၊ တိုးတက်မှုအခြေအနေများနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။

မွန်းလွဲပိုင်းတွင် အာဆီယံဘဏ်လုပ်ငန်းပေါင်း စည်းရေးမူဘောင် (ASEAN Banking Integration Framework- ABIF)၊ ငွေလုံးငွေရင်းစာရင်း ပိုမိုလွတ်လပ်ခွင့်ပြုရေး (Capital Account Liberalization-CAL)၊ အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်မှု (Capital Market Development-CMD)၊ အားလုံးပါဝင်သော ငွေရေး‌ကြေးရေးကဏ္ဍ (Financial Inclusion-FINC)၊ ငွေရေး‌ကြေးရေး ၀န်ဆောင်မှုလုပ်ငန်းများလွတ်လပ်ခွင့်ပြုရေး (Financial Services Liberalization-FSL)၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် (Payment and Settlement System-PSS)၊ စွမ်းရည်မြှင့်တင်ရေးကြီးကြပ်ထိန်းကျောင်းမှုကော်မတီ (Steering Committee on Capacity Building - SCCB) တို့နှင့်စပ်လျဉ်း၍ နောက်ဆုံးတိုးတက်မှုအခြေအနေများကို လုပ်ငန်းကော်မတီ အသီးသီးက ရှင်းလင်းတင်ပြရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများက လမ်းညွှန်မှုများပြုခဲ့ကြသည်။

ထို့နောက် အဆင့်မြင့်ကော်မတီလုပ်ငန်းအဖွဲ့၏ ပူးတွဲသဘာပတိများက  ရေရှည်တည်တံ့ခိုင်မြဲပြီး အကျပ်အတည်းဖြစ်ပေါ်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရေး အထောက်အကူပြု ဘဏ္ဍာငွေ(Sustainable Finance) နှင့်စပ်လျဉ်း၍လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံဗဟိုဘဏ်က အာဆီယံဒေသတွင်း ဆိုက်ဘာ လုံခြုံရေးဆိုင်ရာခံနိုင်ရည်ရှိမှုနှင့် သတင်းအချက်အလက်များ မျှဝေခြင်းအစီအစဉ် (ASEAN Cybersecurity Resilience and Information Sharing Platform- CRISP)နှင့်စပ်လျဉ်း၍လည်းကောင်း၊  အာဆီယံ ငွေကြေးဖလှယ်မှုအစီအစဉ် (ASEAN Swap Arrangement)နှင့်စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အာဆီယံငွေကြေး ဖလှယ်မှုအစီအစဉ် လုပ်ငန်းအဖွဲ့အစည်းအဝေး၏ အချက်အလက်အကျဉ်းချုပ်အား ဖိလစ်ပိုင် နိုင်ငံဗဟိုဘဏ်က လည်းကောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အာဆီယံငွေရေးကြေးရေးပေါင်းစည်းရေး အဆင့်မြင့်ကော်မတီဆိုင်ရာ အချက်များ (Terms of Reference -TOR) နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်များအား စင်ကာပူငွေကြေးအာဏာပိုင် အဖွဲ့ကလည်းကောင်း၊ ဒုတိယအကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ များ အစည်းအဝေးကျင်းပရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ အာဆီယံလုပ်ငန်းကော်မတီများ ပေါင်းစည်းရေးကိစ္စရပ်များကို အင်ဒိုနီးရှားနိုင်ငံဗဟိုဘဏ်ကလည်းကောင်း ရှင်းလင်းတင်ပြကြ သည်။ ယင်းနောက် အစည်းအဝေး ပူးတွဲသဘာပတိများက နိဂုံးချုပ်အမှာစကားများ ပြောကြားသည်။

သတင်းစဉ်