နေပြည်တော် မတ် ၇

စိုက်ပျိုးရေးဦးစီးဌာန လူငယ်စွန့်ဦး ပညာရှင်များအဖွဲ့ (Young Scientists Initiative –YSI) အဖွဲ့ က တာဝန်ယူဆောင်ရွက်သည့် (၅) ကြိမ်မြောက် စာတမ်းဖတ်ပွဲကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စာတမ်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ စိုက်ပျိုးရေးဦးစီးဌာန လူငယ်စွန့်ဦး ပညာရှင်များ ၊ စာတမ်းရှင်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ဉီးစွာဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က စိုက်ပျိုးစီးပွားဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဌာနအဖွဲ့အစည်းများ ၊ အကျိုးဆောင်တောင်သူများနှင့် သက်ဆိုင်သူအားလုံးပါဝင်သော သုတေသနနှင့် ဖွံ့ဖြိုးရေး (Research & Development-R&D) နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်လျက်ရှိကြောင်း၊  ဝန်ကြီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေးဦးစီးဌာန ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနများ၌ ဖွဲ့စည်းထားသည့် လူငယ်ပညာရှင်အဖွဲ့များ အားလုံး လုပ်ထုံးလုပ်နည်း၊ စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေး၊ စွမ်းဆောင်ရည်မြင့်မားရေးနှင့် လူငယ်အချင်းချင်း ဦးဆောင်ဦးရွက်ပြုနိုင်ရေးအတွက် လိုအပ်သော ထောက်ပံ့ကူညီခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်ပညာရှင်များအနေဖြင့် ခေတ်မီနည်းပညာများ စဉ်ဆက်မပြတ် လေ့လာမှုအရှိန်မြှင့်တင်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွေ့အကြုံများ အပြန်အလှန် မျှဝေဖလှယ်ခြင်း လုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍများက ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အွန်လိုင်းစနစ်ဖြင့် တက်ရောက် အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းရွှေ က  စိုက်ပျိုးရေးဦးစီးဌာန လူငယ်စွန့်ဦး ပညာရှင်များအဖွဲ့ (Young Scientists Initiative –YSI) အဖွဲ့ က တာဝန်ယူဆောင်ရွက်သည့် (၅) ကြိမ်မြောက် စာတမ်းဖတ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး စာတမ်းရှင်များက သက်ဆိုင်ရာ စာတမ်းခေါင်းစဉ်များ အလိုက်ဖတ်ကြားတင်သွင်းကြသည်။

စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ဌာနခွဲများ ၊ သုတေသနခြံများ၊ မျိုးစေ့ထုတ်ခြံများ၊ မျိုးသန့်ခြံများ မှ လူငယ်ပညာရှင်များ ၊ တိုင်းဒေသကြီး ပြည်နယ်များတွင် တာဝန်ထမ်းဆောင် လျက်ရှိကြသည့် စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများက ယင်းတို့၏ လုပ်ငန်းခွင်အတွေ့အကြုံများ ၊ သုတေသနနှင့် တောင်သူပညာပေးလုပ်ငန်းများကို အခြေခံသည့် စာတမ်းများ ပြုစုတင်ပြသည့် (၅) ကြိမ်မြောက် စာတမ်း ဖတ်ပွဲကို မတ် (၇)ရက် မှ (၉)ရက်အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အကောင်းဆုံး စာတမ်းဆုများကို ရွေးချယ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်