နေပြည်တော် မတ် ၇

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနတွင်း၌ ဘက်စုံထူးချွန်ထက မြက်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်၊ ဝန်ထမ်းများ ရုံးလုပ်ငန်းအထောက်အကူပြု ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်စေရန်နှင့် လူ့စွမ်းအား အရင်းအမြစ်  ဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ဤသင်တန်းကို ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊  သင်တန်းမှ သင်ကြားပေးမှုများအပေါ် အခြေခံပြီး အခြေခံပညာရပ်မှ တဆင့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာ သင်ယူမှုများ၊  လေ့ကျင့်မှုများ ပြုလုပ် သွားကြမည်ဆိုပါက ရုံးလုပ်ငန်းတွင် ကွန်ပျူတာကျွမ်း ကျင်သည့် အရာထမ်း၊ အမှုထမ်းများ ဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်း၊ ယခုသင်တန်းမှ  ထူးချွန်သင်တန်းသား (၃)ဦးကို စိစစ်ရွေးထုတ်ပြီး ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကွန်ပျူတာအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။      

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း လက်တွေ့ပို့ချနေမှုကို ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားသည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၇) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၃) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်