နေပြည်တော် မတ် ၇
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ နံနက် (၉)နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန် ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက Online စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍ (၁၆) ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး ဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော် မတီကိုဖွဲ့စည်းခဲ့ပါကြောင်း၊ နိုင်ငံတော်၏ အဖိုးတန်လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်များနှင့်အညီ ရေတို/ရေရှည် စီမံကိန်းများရေးဆွဲ၍ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ထိ လုပ်ငန်းလမ်းညွှန်ချက်များ ချမှတ်ကာ ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့်လည်း အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိ ကြောင်း၊ နိုင်ငံတကာအဆင့်မီ လူငယ်လူရွယ်များဖြစ်လာစေရန် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် လူငယ်/လူရွယ်များသာမက ပညာ ဆက်လက်သင် ယူနိုင်ခြင်းမရှိသည့် ကျောင်းပြင်ပနေ လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ကဏ္ဍအလိုက် နွေရာသီသင်တန်းများ ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များအတွက် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၌ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အားကစားသင်တန်းများ အပါအဝင် ကဏ္ဍအလိုက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးသင်တန်းများ ဖွင့်လှစ်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း က လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်အလိုက်ဆောင်ရွက်မည့် အစီအစဉ်များ၊ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့မှု၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ခဲ့မှု ၊ အားကစားပြိုင်ပွဲကျင်းပခဲ့မှု ၊ နွေရာသီသင်တန်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်