နေပြည်တော် မတ် ၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့်အတူ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ သန့်ရှင်းသောသောက်သုံးရေများ ပေးဝေနိုင်ရေး ရန်အောင်မြင် ဆည်ရေပြင်နှင့် ဆည်ကြမ်းခင်းရှိ နုန်းများ၊ သစ်ဝါးဆွေးများ နှင့်ရေညှိရေမှော်များ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က နေပြည်တော်သည် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည့်အတွက် မြို့တော်အင်္ဂါရပ်နှင့်ကိုက်ညီစေရေး Green City၊ Clean City၊ Smart City ဖြစ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်နေ အများပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖြန့်ဖြူးပေးဝေနိုင်ရန် အတွက် ရေသိုလှောင်ဆည်များ၏ ဆည်ရေပြင်၊ ကန်စပ်များနှင့် ဆည်ပတ်ဝန်းကျင်တို့တွင် သန့်ရှင်းမှုရှိစေရေး အများပြည်သူအကျိုးငှာ စေတနာထား၍ အမြဲမပြတ်ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ရန်အောင်မြင်ဆည်သဲရေစစ်ကန်ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က လိုအပ်သည်များမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့သည့် ချောင်းမငယ်ဆည်မှရေကို ဆင်အုံကန်မှ တဆင့် ရန်အောင်မြင်သဲရေစစ်ကန်သို့ တစ်နေ့လျှင် ရေဂါလံ(၄ ဒသမ ၅)သန်း တင်ပို့နိုင်သည့် ရေကူရေတင်ပိုက်လိုင်း သွယ်တန်းထားရှိမှုနှင့် ရေတွန်းပို့မှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ရန်အောင်မြင်ဆည်ဧရိယာအတွင်း တည်ဆောက်မည့် ရန်အောင်မြင် Solar Power Project လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုရာ VENUS ESSENTIAL MYANMAR(VEM)Company Limited မှ တာဝန်ရှိသူများက နေပြည်တော် နယ်နိမိတ်အတွင်း ရန်အောင်မြင်ဆည်၊ ချောင်းမကြီးဆည်နှင့် ဖောင်းလောင် ဆည် တို့တွင် Ground Mounted and Floating Compound Solar စီမံကိန်း(၃)ခုကို လျာထား ဆောင်ရွက်လျက်ရှိပြီး ရန်အောင်မြင်ဆည်စီမံကိန်းတွင် မြေပြင်ဧရိယာ (၆၂၇ ဒသမ ၅၂)ဧက နှင့်ရေဝပ်ဧရိယာ(၅၅ ဒသမ ၉)ဧကပေါ်တွင် ဆောင်ရွက်မည်ဖြစ်ကာ မဂ္ဂါဝပ်(၁၁၀) ထုတ်လုပ်ဖြန့်ဖြူး နိုင်မည်ဖြစ်ကြောင်းနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထိုမှတဆင့် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်မှ သိမ်းဆည်းရရှိသည့် စွန့်ပစ်အမှိုက်များ စွန့်ပစ်နေရာ စမ်းကလေးအမှိုက်ကွင်းနှင့် လယ်ဝေးမြို့နယ်ရှိ စမ်းကလေး သုသာန် ကိုကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က နာရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်သွယ်အကြောင်းကြားလာပါက အဆင်ပြေချောမွေ့စေရေး စေတနာထား၍ အမြန်ဆုံး ဆောင်ရွက်ပေးရန်နှင့် ဌာနမှ နာရေးကိစ္စများကို အခမဲ့ဆောင်ရွက်ပေးနေသည့် အခြေအနေများကို အများပြည်သူများ ကျယ်ပြန့်စွာသိရှိစေရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်