မတ် ၉

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းပြည်နယ်ရီယူကျွန်းစုတွင် မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် လူ ၁၇ ဦးထက်မနည်းသေဆုံးပြီး အခြား ၄၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားသည်။

အဆိုပါပြည်နယ်၏မြောက်ဘက်ဆုံးပိုင်းတွင်ရှိသောနာတူနာဒေသတွင် မတ်လ ၆ ရက်က မြေပြိုမှုဖြစ်ပွားခဲ့သည်။ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခြင်းဖြစ်ကြောင်း  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လျော့ပါးရေးအေဂျင်စီ၏ အတွင်းရေးမှူး ဆာရစ်ဖာ့ဒင် မူဟာမက်က ပြောကြားသည်။

ယမန်နေ့က လူခြောက်ဦးအလောင်းကို ထပ်မံတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူပေါင်း ၁၇ ဦး အထိရှိလာသည်ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။

မြေပြိုမှုတွင်ထိခိုက်သေဆုံးသူများအား ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုမြေပြိုမှုကြောင့် နေအိမ်များမှစွန့်ခွာထွက်ပြေးရသူ ဒေသခံဦးရေ ၁၀၀၀ ကျော် ရှိသည်ဟု ၎င်းက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို