ရန်ကုန် မတ် ၉
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်း ဒေသကြီးရုံး တွင် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်ပြား (Overseas Worker Identification Card-OWIC) ထုတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ပြည်ပအလုပ်အကိုင်ရှာဖွေသူများအနေဖြင့် ပြည်ပသို့ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရေး၊ ပြည်ပအလုပ်အကိုင်အမျိုးအစားအလိုက် ရရှိခဲ့သော အတွေ့အကြုံနှင့် နည်းပညာများ၊ အတတ်ပညာများကို ပြည်တွင်း၌ စနစ်တကျ ပြန်လည် အသုံးချဆောင်ရွက်ရေး၊ အလုပ်သများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိစေရန်နှင့် ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိခံစားနိုင်ရေး၊ အခက်အခဲရှိပါက ပြည်ပရှိ မြန်မာနိုင်ငံ သံရုံးများနှင့် အလုပ်သမားသံအရာရှိများနှင့် ဆက်သွယ်ဆောင်ရွက်ရေး၊ OWICကတ် လျှောက်ထားခြင်းနှင့်ပတ်သက်၍ အများပြည်သူ သိရှိနိုင်ရေး ကြေးမုံသတင်းစာ တွင်ဖေဖော်ဝါရီ ၂၅ ရက်က အသိပေးကြေညာခဲ့ပြီးဖြစ်ရာ စနစ်တကျ လိုက်နာဆောင်ရွက်ရန် မှာကြားသည်။
OWIC ကတ်ကို သက်တမ်း ၅ နှစ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင် မည့်သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိရေး၊ ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားစာရင်းများရရှိရေး၊ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ လုပ်သားများ အကူအညီတောင်းခံလာပါက အချက်အလက်များကို စစ်ဆေး၍ ကူညီဆောင်ရွက် ပေးနိုင်ရေး၊ နိုင်ငံအလိုက် လုပ်သားထွက်ခွာမှု စာရင်းများမှတဆင့် လိုအပ်သည့် မူဝါဒများ ရေးဆွဲ ချမှတ်နိုင်ရေးအတွက် Data Server တွင် အချက်အလက်များ သိမ်းဆည်း၍ ထုတ်ပေးလျက်ရှိသည်။
ယခင်က ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် သူများအတွက် OWIC ကတ်များကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားဌာနစု (မြောက်ဒဂုံ)၊ ပင်လုံခန်းမ၊ ၄၃ ရပ်ကွက်၊ ဗိုလ်မင်းအောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများနှင့် မိမိအစီအစဉ်ဖြင့် သွားရောက်လုပ်ကိုင်သူများအတွက် ထုတ်ပေးခဲ့ပြီး ပိုမိုအဆင်ပြေချောမွေ့စေရေး မိမိအစီအစဉ်ဖြင့် လျှောက်ထားသည့် အလုပ်သမားများအတွက်မတ် ၆ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးတွင် ပြောင်းလဲထုတ်ပေးလျက်ရှိသည်။
၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်ထိ အေဂျင်စီအစီအစဉ်နှင့် မိမိအစီအစဉ်ဖြင့် ထွက်ခွာသူ၊ ခွင့်ဖြင့်ပြန်လာသူ၊ PR ကိုင်ဆောင်သူများကို ထိုင်းနိုင်ငံသို့ ၁၂၀၀၀၀ ကျော်၊ စင်္ကာပူနိုင်ငံသို့ ၂၄၀၀၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ ၈၈၀၀ ကျော်၊ ဂျပန်နိုင်ငံသို့ ၁၅၅၀၀ ကျော်၊ မလေးရှားနိုင်ငံသို့ ၃၉၉၀၀ ကျော် အပါအဝင် ပြည်ပနိုင်ငံ ၈၂ နိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသည့် အလုပ် သမား ၂၁၆၀၀၀ ကျော်ကို OWIC ကတ်ဖြင့် စေလွှတ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်