နေပြည်တော် မတ် ၉
မတ်လ (၁၁)ရက်နှင့် (၁၂)ရက်တို့တွင် နေပြည်တော်၌ ကျင်းပမည့် မြန်မာနိုင်ငံကျန်း မာရေးပညာရပ်ဆိုင်ရာနှီးနှော ဖလှယ်ပွဲ(၂၀၂၃)၏ အကြိုလှုပ်ရှားမှုအစီအစဉ်အဖြစ် မတ် (၇)ရက်နေ့၌ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီးနှင့် သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများ ပါဝင်သောအဖွဲ့က ရတနာမာန်အောင် သီလရှင်စာသင်တိုက်၌ အခြေပြု၍ လည်းကောင်း၊ မုံရွာမြို့တွင် ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့၌ လည်းကောင်း မျက်စိအခမဲ့စမ်းသပ် စစ်ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့ပြီး မျက်စဉ်းနှင့် ဆေးဝါးများ၊ မျက်မှန်လိုအပ်သူများအတွက် မျက်မှန်များ အခမဲ့ထောက်ပံ့ပေးသည်။
အလားတူ နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအောက်ရှိ ကျန်းမာရေး ဝန်ထမ်းများက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မြို့နယ်(၈)မြို့နယ်ရှိ အခြေခံပညာကျောင်း (၈) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများကို အခမဲ့မျက်စိရောဂါ စမ်းသပ်စစ်ဆေးကုသမှုများကို ဖေဖော်ဝါရီ (၆)ရက်မှ (၂၄)ရက်အတွင်း ဆောင်ရွက်ခဲ့ရာ စုစုပေါင်း (၁၆၆၀) ကို စမ်းသပ်စစ်ဆေး ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး လိုအပ်သူများအတွက် မျက်မှန်များ ထောက်ပံ့ပေးခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မကြာမီကျင်းပမည့် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃) အကြိုလှုပ်ရှားမှုများအဖြစ် မျက်စိအခမဲ့စမ်းသပ် စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလနှင့် မတ်လအတွင်း မြန်မာနိုင်ငံနေရာ အနှံ့အပြား၌ Satellite Activity အဖြစ် ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့တွင် မျက်စိရောဂါအထူးကု ဆေးရုံကြီး-ရန်ကုန်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့က တွံတေးမြို့နယ်နှင့် မှော်ဘီမြို့နယ်များသို့ ကွင်းဆင်း၍ လည်းကောင်း၊ မန္တလေးတွင် ခရိုင်ပြည်သူ့ဆေးရုံ၊ ရမည်းသင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ရမည်းသင်း၊ နည်းပညာ တက္ကသိုလ်သို့လည်းကောင်း၊ ဘားအံမြို့၊ စစ်ကိုင်းမြို့၊ ကျိုင်းတုံမြို့ရှိ ပြည်သူ့ဆေးရုံကြီးများ၌ လည်းကောင်း ဆောင်ရွက်ပြီးဖြစ်ပြီး လူဦးရေစုစုပေါင်း (၃၁၃၃)ဦးကို မျက်စိကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်