မတ် ၁၀

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်းမှဝင်ငွေ  အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁ ဘီလီယံ ရရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ခရီးသွားလုပ်ငန်းမှရရှိသောဝင်ငွေသည် ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၆၆၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

နိုင်ငံအတွင်း ပြီးခဲ့သည့်နှစ်က နိုင်ငံတကာခရီးသွားဧည့် ၂ ဒသမ ၂၈ သန်း ရောက်ရှိခဲ့ရာ အစောပိုင်းနှစ်ကထက် ၁၀၅၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်က နိုင်ငံ၏ခရီးသွားလုပ်ငန်းမှ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု ၃ ဒသမ ၆ ရာခိုင်နှုန်း ပံ့ပိုးပေးခဲ့ကြောင်းဖော်ပြထားသည်။ ပျမ်းမျှအားဖြင့် ခရီးသွားဧည့်တစ်ဦးသည် ကမ္ဘောဒီးယားနိုင်ငံတွင် နှစ်ညအိပ်သုံးရက်နေထိုင်သည်ဟု သိရသည်။

ခရီးသွားလုပ်ငန်းဝန်ကြီး သောင်ခွန်က ၂၀၂၃ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့် ၄ သန်းရောက်ရှိရန်မျှော်မှန်းထားကြောင်း ပြောကြားသည်။

မိမိတို့အနေဖြင့် ယခုနှစ်အတွင်း တရုတ်ခရီးသွားဧည့် ၈၀၀၀၀၀ မှ တစ်သန်းကြားအထိရောက်ရှိရန်မျှော်မှန်ထားသည်ဟု ၎င်းကဆိုသည်။ ခရီးသွားလုပ်ငန်းသည် ထိုနိုင်ငံ၏စီးပွားရေးကိုအထောက်အကူပြုသောကဏ္ဍကြီးလေးရပ်အနက် တစ်ခုဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို