မြင့်စိုး(နတလ)

 

ရုန်းတောင်ခြေမှ အလင်းတန်းများ

 

ချင်းပြည်နယ်နှင့် ပတ်သက်ပြီး ကျွန်တော်ပထမဆုံးရေးဖြစ်ခဲ့သော ဆောင်းပါးနာမည် ဖြစ်သည်။ ရုန်းတောင်ခြေမှ အလင်းတန်းများ....ဟူ၍။  အချိန်ကာလအားဖြင့် တွက်စစ်ကြည့်သော် ၁၉၉၈  ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဟားခါးမြို့၌ ကျင်းပပြုလုပ်ခဲ့သော အဋ္ဌမအကြိမ်မြောက် ကျောင်းသား အားကစားပွဲတော်ကြီးက  အပြန်ရေးခဲ့သည်ဆိုတော့ကာ ဪ....၂၅ နှစ်တောင် ကြာခဲ့ပြီမို့၊ ငွေရတုသို့ပင် တိုင်ခဲ့ချေပြီတကား။ စိတ်ထဲမှာတော့ မနေ့တစ်နေ့ကအတိုင်းပင်။ သည့်နောက်မှာလည်း နတလဝန်ထမ်းဘဝဖြင့် ချင်းပြည်နယ် (မြောက်ပိုင်း) ဒေသများသို့ သုံး၊ လေးခေါက်မက ရောက်ခဲ့ပါသေးသည်။ ဟားခါးနှင့် ထန်တလန်ကြားက တီးမစ် (သီမြစ်) ချိုင့်ဝှမ်းဒေသအလှကို တစ်ဝကြီး ကြည့်ခဲ့ရဖူးသည်။ တီးတိန်နှင့် တွန်းဇံဒေသဘက်တွေမှာ တိမ်ပင်လယ်ကို မြင်ခဲ့သည်။ ဒေသခံတိုင်းရင်းသူ အချောအလှတွေ ပေါသော ဖလမ်းမြို့ကိုလည်း ရောက်ခဲ့သည်။ တီးတိန်မြို့ကို အသွား ကားလမ်းပေါ်က မြောက်ယဉ်စွန်းတန်း ဖြတ်သောနေရာမှာ ဆရာ တပည့်တွေ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ကြတာကိုလည်း မမေ့။ ဆိုရသော် ချင်းပြည်နယ်၏ အလှများနှင့် အမှတ်တရများက နှစ်တွေ ဘယ်လိုပြောင်းပြောင်း၊ ဟောင်းသွားသည်၊ နွမ်းသွားသည်၊ ရိုးအီသွား သည်ဟူ၍မရှိ။ အမြဲတမ်း လန်းဆန်းလတ်ဆတ်နေသည်သာ။ ချင်း ပြည်နယ်ကို ကျွန်တော်ချစ်ပါသည်။ တောင်ဇလပ်ပန်းနီနီများနှင့် အောက်ချင်းငှက်တို့၏ သစ္စာတရားကို ကျွန်တော် တန်ဖိုးထားပါသည်။

 

ယခုတစ်ခေါက်ကမူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၏ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် ခရီးစဉ်တွင် လိုက်ပါခွင့်ရခဲ့ခြင်းဖြစ်၏။ အချိန်ရခိုက်မှာ ကျွန်တော် အပြေးအလွှား လှမ်းမျှော်ကြည့်မိသည်က ဟားခါးမြို့ကို စိုးမိုးထား သော ရုန်းတောင်ကြီးဆီကိုပဲဖြစ်၏။ ထိုတောင်ပေါ်မှာ တင့်တယ် သပ္ပာယ်စွာ စံနေတော်မူသည့် ကကုသန်စေတီတော်မြတ်၊ ဇေယျသိဒ္ဓိ ရုပ်ပွားတော်ကြီး၊ ပဉ္စဝဂ္ဂီငါးဦး ဓမ္မစကြာတရားဦး နာနေသည့် ပုံတော် များနှင့် တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ ရုပ်တုတို့အား ရည်မှန်းဦးခိုက်လိုက်ပါသည်။ အမြင့်ပေ ၆၁၂၀ တွင် တည်ရှိနေသော ဟားခါးမြို့၏ အေးစိမ့်စိမ့်ရာသီဥတု၊ သွားရင်းလာရင်း နဲ့ ဖြိုးခနဲဖျတ်ခနဲ တွေ့မြင်နေရသော ချင်းရိုးရာအိမ်လေးများ၊ ဂုဏ်ရှိန်ထည်ဝါလှသည့် ဦးဝမ္မသူးမောင် အားကစားကွင်းကြီးတို့က ကျွန်တော့်စိတ်အာရုံကို လွန်ခဲ့သည့်နှစ်များစွာဆီသို့ ပြန်လည်ဆွဲခေါ် သွားခဲ့ချေပြီတမုံ့။

 

ဟားခါးကျောင်းသားအားကစားပွဲတော်

 

၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဟားခါးကျောင်းသားအားကစား ပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးဌာနအလိုက် ပြခန်းများ ခင်းကျင်း ပြသရပါသည်။ နယ်စပ်/ စည်ပင်ဟု ခေါ်မည်တွင်သော နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင် သာယာရေးဝန်ကြီးဌာန ပြခန်းအတွက် နတလဦးစီးဌာနဘက်က ကျွန်တော်၊ စည်ပင်သာယာရေးဦးစီးဌာနဘက်က ဦးစိုးကိုကို (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း) တို့က တာဝန်ယူ၍ အတူတကွ သွားရောက်လုပ်ကိုင် ဆောင်ရွက်ခဲ့ကြသည်။ ကျောင်းသား အားကစားပွဲတော်ကြီး ဖွင့်ပွဲ၊ ပိတ်ပွဲအပါအဝင် စုစုပေါင်း တစ်လခန့် ကြာမြင့်ခဲ့သည်ဟု ထင်ရ၏။ အနုပညာရှင်များစွာကိုလည်း တွေ့မြင်ခဲ့ရသည်။ ရုပ်ရှင်ဘက်က ကျော်ရဲအောင်၊ ဝေဠုကျော်၊ နန္ဒာလှိုင်၊ အိန္ဒြာကျော်ဇင်တို့ ပါဝင်ခဲ့သလို ဂီတဘက်ကလည်း အကော်ဒီယံ အုန်းကျော်နှင့် သက်ငုံဖူးတို့ သားအဖ၊ သီရိကိုကို၊ မီမီဝင်းဖေ၊ မို့မို့ဇော်ဝင်းတို့ ပါဝင်ခဲ့ပါသည်။ ညဘက်ဖျော်ဖြေပွဲမှာ ကြည့်ရှုနားဆင် ခံစားခဲ့ရသလို နေ့ခင်းနေ့လယ်များတွင် ဟားခါးမြို့၏ ချင်းရိုးရာ အထည်ဆိုင်လေးတွေမှာ၊ ရိုးရာစားသောက်ဆိုင်လေးတွေမှာ သူတို့ အဖွဲ့ကို ဟိုမှာတစ်စု၊ သည်မှာတစ်စု မြင်နေရ၏။ တွေ့ဆုံခဲ့ကြရ၏။

 

မှတ်မှတ်ထင်ထင်ရှိခဲ့တာ တစ်ခုကတော့ ကျွန်တော်တို့အဖွဲ့ မြို့မ သာသနာပြုစာသင်တိုက်သို့ သွားရောက်ပြီး ပဓာနနာယကဆရာတော် အရှင်တေဇောသာရအား ဖူးမြော်ကြချိန်၊ သူတို့အားလုံးကလည်း လာရောက် ဖူးမြော်ချိန် တွေ့ဆုံခဲ့ခြင်းကိုပဲဖြစ်၏။ ထိုစာသင်တိုက် တွင် ချင်းပြည်နယ်၏ ပထမဆုံးသော ပါဠိပထမပြန်စာမေးပွဲကို ၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဆရာတော် အရှင်တေဇောသာရသည် ဒေါက်တာအရှင်တေဇောသာရ ဖြစ်လာတော်မူခဲ့ပြီး နိုင်ငံတော်က ၂၀၁၁ ခုနှစ်တွင် ဆက်ကပ်သည့် ဓမ္မကထိကဗဟုဇနဟိတဓရ ဘွဲ့တော်ကိုလည်း လက်ခံရရှိသည့် တောင်တန်းသာသနာပြု ဆရာတော်ဖြစ်သည်။ ယခုခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဟားခါး မြို့နယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများအား တွေ့ဆုံ အမှာစကားပြောကြား၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ ယင်းနောက် ဟားခါးမြို့ ဇေတဝန်ဘုန်းတော်ကြီး ကျောင်း၌ သီတင်းသုံးနေတော်မူလျက်ရှိသည့် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တတေဇောသာရ အမှူးပြုသော သံဃာတော်များအား သွားရောက် ဖူးမြော် ကြည်ညိုကြကာ သင်္ကန်းပရိက္ခရာ၊ နဝကမ္မအလှူငွေ ဆေးဝါး များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ စာရေးသူ ကျွန်တော်က ဆရာတော်အား ၁၉၉၈ ခုနှစ်တွင် မြို့မသာသနာပြု စာသင်တိုက်၌ စတင်ဖူးမြော်ခဲ့ရပုံ၊ ၂၀၁၂-၂၀၁၃ ခုနှစ်များတွင် လက်ရှိ သီတင်းသုံးနေသည့် ဇေတဝန်ကျောင်း၌ ထပ်မံဖူးမြော်ခဲ့ပုံတို့ကိုပြန်လည်လျှောက်ထားခဲ့ပါသည်။ ကျွန်တော်ဆောင်းပါးများ ရေးသား ပူဇော်ခဲ့သည်ကိုလည်း ဆရာတော်က အမှတ်ရနေပါ၏။

 

ခွာရုံ (သို့မဟုတ်) ခွာလွန်း

 

ယနေ့ ဟားခါးမြို့၏ ဖွံ့ဖြိုးစည်ပင်နေမှုက ၁၉၉၈ ခုနှစ်တွင် ကျွန်တော်တွေ့မြင်ခဲ့ရဖူးသော ဟားခါး၊ ၂၀၁၂/၂၀၁၃ ခုနှစ်များတွင် ကျွန်တော်ထပ်မံရောက်ရှိခဲ့သော ဟားခါးတို့နှင့် မတူအောင် ကြီးထွား များပြားနေသည်မှာ မှန်ပါသည်။ သို့သော် တည်ငြိမ်အေးချမ်းမှုကတော့ ယခင်ကျွန်တော်ရောက်ခဲ့၊ ကြုံခဲ့ဖူးသော ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံတို့နှင့် မတူတော့သည်မှာလည်း အလွန်သေချာပါ သည်။ ၁၉၉၈ ခုနှစ်သည်ပင်လျှင် ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (CNF) တရားဥပဒေဘောင်အတွင်း မရောက်လာသေးပါ။ သို့တစေ ဟားခါးမြို့နှင့်ပတ်ဝန်းကျင်ကို ကျွန်တော်တို့အဖွဲ့ သွားခဲ့၊ လာခဲ့ဖူးသည်။ နေရာတော်တော်များများကို ရောက်ခဲ့ဖူးသည်။

 

ထိုသို့သွားလာရောက်ရှိခဲ့သော နေရာများထဲမှာ မြို့ဟောင်း ရပ်ကွက်ရှိ ခွာရုံကျောင်းတိုက်လည်း ပါဝင်ပါသည်။ ယင်းကျောင်းတိုက် ထဲက ပြည်လုံးချမ်းသာ ဆုတောင်းပြည့် ကိုးနဝင်းစေတီအား ဖူးမြော် ကြည်ညိုခဲ့သည်။ ထိုစဉ်က ဆရာတော်ကြီး အရှင်သီရိန္ဒသည် ချင်း ပြည်နယ် သံဃနာယကအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တော်မူနေ ပါသည်။ ဆရာတော်ကြီးက မိန့်တော်မူသည်များထဲမှာ ၁၉၆၀ ပြည့် နှစ်တွင် မြို့ဟောင်းရပ်ကွက်သို့ စတင်ကြွလာခဲ့ပုံ၊ ဘုန်းကြီးကျောင်း မရှိသေးဘဲ နွားခြံသေးသေးလေးတစ်ခု၌ သီတင်းသုံး နေထိုင်ခဲ့ပုံ၊ ဟားခါးမှ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့များသို့ လည်းကောင်း၊ ထိုမှ အိန္ဒိယနယ်စပ်ရွာများအထိလည်းကောင်း၊ ခြေကျင်ကြွ၍ သာသနာ ပြုခဲ့ပုံ၊ ကလေး၊ ဂန့်ဂေါဘက်သို့လည်း ခြေကျင်ကြွခဲ့ပုံ၊ လမ်းမှာ ဆွမ်း ကိစ္စအဆင်ပြေစေရန် ဝေယျာဝစ္စတွေ အေးငြိမ်းစေရန် ပြောင်းဖူး ပေါက်ပေါက်များလှော်၍ ဘုဉ်းပေးသွားရပုံများ ပါဝင်ပါသည်။ ဆရာတော်ကြီး၏ ၁၉၆၀ မှ ၁၉၆၄ ခုနှစ်အထိ လေးနှစ်တာ သာသနာပြု ကာလ ကြာမြင့်လာခဲ့ချိန်၌ ဒေသခံချင်းတိုင်းရင်းသားများသည် တစ်အိမ်လျှင် ပျဉ်တစ်ချပ်၊ ဝါးတစ်လုံး စုဆောင်းလှူဒါန်း၍ ဘုန်းကြီးကျောင်း ဆောက်လုပ်ပေးခဲ့ကြောင်းလည်း သိခွင့်ရခဲ့သည်။ ထိုကာလက အိမ်ခြေ ၂၃ အိမ်သာ ရှိသေးသော ခွာလွန်းရပ်ကွက်တွင် ဆောက်လုပ်ခဲ့သည့် ဘုန်းကြီးကျောင်းဖြစ်၍ ခွာလွန်းကျောင်းဟု ခေါ်တွင်လာခဲ့ရာမှ ကာလရွေ့လျားလာသောအခါ ခွာလွန်းမှ ခွာရုံ ဖြစ်လာခဲ့ကြောင်း ဆရာတော်ကြီးက အမိန့်ရှိခဲ့သည်။ ချင်းဘာသာ အားဖြင့် ခွာဆိုသည်မှာ ရွာကိုခေါ်ပြီး လွန်းကအဟောင်းဟု အဓိပ္ပာယ် ရသည်။ သို့ဖြစ်လေရာ ရွာဟောင်းဟု သညာပြုရမည်ဖြစ်ပြီး ရွာဟောင်းမှ မြို့ဟောင်းအဖြစ်သို့ ပြောင်းလဲလာခြင်း ဖြစ်တန်ရာ၏။

 

တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ၊ ခွာရုံ ဆရာတော်ကြီးအပါအဝင် အရှင်ဒေါက်တာ တေဇောသာရကဲ့သို့ တောင်တန်းသာသနာပြုဆရာတော်များ၏ သာသနာထွန်းကား ပြန့်ပွားရေး ဆောင်ရွက်ခဲ့မှုများကို ကြည်ညိုသဒ္ဓါပွား၍ ရုန်းတောင်ခြေ မှ အလင်းတန်းများ ဆောင်းပါးကို ရေးသားခဲ့ခြင်းဖြစ်သည်။ ကျွန်တော်နောက်တစ်ခေါက် ဟားခါးမြို့သို့ ပြန်လည်ရောက်ရှိချိန် မှာတော့ ခွာရုံဆရာတော်ကြီး ဦးသီရိန္ဒက ပျံလွန်တော်မူခဲ့လေပြီ။

 

ချင်းအမျိုးသားနေ့မှာ ပါဝင်ဆင်နွှဲခဲ့ကြ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သောအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ တစ်ဆင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။ ဖေဖော်ဝါရီ ၂၀ ရက်သည် ချင်းပြည်နယ်၏ ချင်းအမျိုးသားနေ့ဖြစ်သည်။ ဟားခါးမြို့၌ ကျင်းပ ပြုလုပ်ခဲ့သည့် ချင်းအမျိုးသားနေ့ကို ဒေသခံချင်းတိုင်းရင်းသား သွေးချင်းများနှင့်အတူ ကျွန်တော်တို့အားလုံး ရင်းနှီးချစ်ကြည်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။     

 

(ဆက်လက်ဖော်ပြပါမည်)