စစ်တွေ မတ် ၁၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ မတ် ၁၂ ရက် နံနက်ပိုင်းက မောင်တောမြို့၊ သီရိမင်္ဂလာခန်းမ၌ မောင်တောမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး မောင်တောမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောမြို့၊ (၃)မိုင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများဆက် ကပ်လှူဒါန်းသည်။ ဆက်လက်၍ ကျောင်းအတွက်လိုအပ်ချက်များကို လျှောက်ထားတင်ပြကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောမြို့၊ သီရိမင်္ဂလာခန်းမ၌ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်များ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးနေဦးက မောင်တောခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နယ်စပ်ဒေသမြို့ဖြစ်သည့် မောင်တောမြို့မှာ တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာများ၊ မှီတင်းနေထိုင်ကြသည့် ဒေသခံပြည်သူများအား ဂုဏ်ပြုပါကြောင်း၊ ဆက်လက်၍လည်း နယ်စပ်ဒေသကို တည်ငြိမ်အောင်၊ အေးချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ပေးကြပါဟု ပြောကြားလိုပါကြောင်း၊ မောင်တောဒေသတွင် နေထိုင်ကြသည့် ဒေသခံများ၊ ပြည်သူလူထုများ၊ မိမိတို့မှာရှိကြသည့် အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ အလွှာအသီးသီးတွင်ရှိကြသော ပုဂ္ဂိုလ်များအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်မှ လုံခြုံအေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ကာ တည်တံ့ခိုင်မြဲမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသဖြစ်သည့် မောင်တောဒေသကို လုံခြုံရေးတံတိုင်းကောင်းရန် အဓိကလိုအပ်သကဲ့သို့ အုပ်ချုပ်မှုတံတိုင်း ခိုင်မာမှုရှိရန်လိုအပ်ပါကြောင်း၊ အလားတူ စီးပွားရေးတံလည်း အရေးကြီးပါကြောင်း၊ ထို့ကြောင့် နယ်စပ်ကုန်သွယ်ရေးဇုန်ကို တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များကလည်း ကြိုးစားအားထုတ်ကြရန်လိုကြောင်း၊ စီးပွားရေးတံတိုင်းကို ကာကွယ်ပေးခြင်းသည် နယ်စပ်ဒေသတွင် နေထိုင်ကြသည့် မိမိဒေသခံပြည်သူများကို ကာကွယ်ခြင်းနှင့် အတူတူဖြစ်ပါကြောင်း၊ ထို့အတူ လူမှုရေးတံတိုင်းဖြစ်သည့် ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများမှာ ထူးချွန်ထက်မြက်သည့် လူငယ်၊ လူရွယ်များ၊ သားကောင်း၊ သမီးကောင်းများ ဖြစ်အောင် ထူထောင်ပေးရမည်ဖြစ်ကြောင်း၊ သို့မှာသာ လူငယ်များကို မိမိတို့တာဝန်များကို ထမ်းဆောင်ရန် လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်သကဲ့သို့ တစ်ဘက်တွင်လည်း ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နယ်မြေအသီးသီးသို့ ကွင်းဆင်းကာ ပြည်သူများနှင့်ထိတွေ့ပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း၍ ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မောင်တောဒေသတွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို တိုးချဲ့လုပ်ကိုင်ကြစေလိုကြောင်း ပြောကြားသည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်ချောင်းစီးပွားရေးဇုန်သို့ သွားရောက်ပြီး ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ကညင်ချောင်းစီးပွားရေးဇုန် ဖြစ်ပေါ်လာပုံကို ရှင်းလင်းတင်ပြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စီးပွားရေးဇုန်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက စီးပွားရေးဇုန်နှင့် ပတ်သက်သည့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်ချောင်းစီးပွားရေးဇုန်အတွင်း တစ်ဘက်နိုင်ငံသို့ တင်ပို့နိုင်ရန် ကုန်တင်ကုန်ချပြုလုပ်နေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ကညင်ချောင်း စီးပွားရေးဇုန်သွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကြခဲ့ကြသည်။
မတ် ၁၂ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောမြို့၊ မြို့မဘုန်းတော်ကြီးကျောင်းတိုက်၌ မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောမြို့၊ မြို့ဦးကျေးရွာ၌ နေကြာစံပြကွက်(၅)ဧကနှင့် မြေပဲစံပြစိုက်ကွက်(၅)ဧက စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုကို သွားရောက်ကြည့်ရှုကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတောင်သူများအား ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောမြို့၊ ဝေသာလီရပ်ကွက်၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)