မတ် ၁၃

လာအိုနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်းဖြစ်ပွားသော ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၈၅ ဦး ရှိကြောင်း ယာဉ်ထိန်းရဲဌာနက ယနေ့သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့်လက ယာဉ်မတော်တဆမှု ၆၂၄ ခုဖြစ်ပွားခဲ့ရာ ၈၅ ဦး သေဆုံးခဲ့ပြီး အခြား ၉၉၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ယာဉ်အရှိန်လွန်မောင်းနှင်ခြင်းနှင့် အရက်သေစာသောက်စားမောင်းနှင်ခြင်းတို့သည် ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများဖြစ်သည်။

ယာဉ်မတော်တဆဖြစ်ပွားမှုအများစုတွင် ပါဝင်သည့်ယာဉ်မောင်းများသည် အသက် ၁၆ နှစ်မှ ၃၀ နှစ်ကြားအရွယ်များဖြစ်ကြသည်။

ထိုယာဉ်မတော်တဆမှုများတွင် နိုင်ငံခြားခရီးသွားဧည့်ပါဝင်မှုအရေအတွက်မြင့်တက်လျက်ရှိပြီး အများစုမှာ ဗီယက်နမ်ခရီးသွားများဖြစ်ကြောင်း ဖော်ပြထားသည်။

လာအိုနိုင်ငံတွင် ဇန်နဝါရီလက ယာဉ်မတော်တဆမှု ၇၇၀ ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို