မတ် ၁၅

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အနောက်တောင်ပိုင်းတွင် ယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွားခဲ့ပြီးနောက် သုံးလသားအရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့သည်ဟု ဒေသန္တရရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားသည်။

နယူးဆောက်သ်ဝေးပြည်နယ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မီနန်ဂီပါ့ခ်ဆင်ခြေဖုံးတွင် မတ်လ ၁၃ ရက်နေ့ မနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က ဘိလပ်မြေသယ်ထရပ်ကားတစ်စီးနှင့် ငွေရောင် SUV ကားတစ်စီးတို့ တိုက်မိခဲ့ကြောင်း သိရသည်။

SUV ကားမောင်းသူ အသက် ၃၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် နှစ်နှစ်အရွယ်ကလေးတစ်ဦး ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာမှာပင် သေဆုံးခဲ့ပြီး အသက် ၄၈ နှစ်အရွယ် ထရပ်ကားယာဉ်မောင်းအမျိုးသားတစ်ဦးမှာမူ ဒဏ်ရာရရှိခြင်းမရှိပေ။

ဒဏ်ရာရရှိမှုအခြေအနေဆိုးရွားသော သုံးလသားအရွယ်မိန်းကလေးတစ်ဦးကို ထိုယာဉ်အပျက်အစီး၏ အောက်မှဆွဲထုတ်ခဲ့ပြီး ကလေးဆေးရုံသို့ လေကြောင်းဖြင့်ပို့ဆောင်ပေးခဲ့သော်လည်း ထိုကလေးငယ်သည် ယနေ့မနက်မှာပင် သေဆုံးသွားသည်။

တာဝန်ရှိသူများက ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသို့သွားရောက်ပြီး ယာဉ်တိုက်မှုဖြစ်ပွားသည့်အခြေအနေများကို စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို