ဖျာပုံ မတ်လ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ်၍ အကောင် အထည်ဖော်ဆောင်ရွက်သည့် သာယာကုန်းကျေးရွာရှိ ကျေးလက်ကုန်ထုတ်လမ်းဖောက် လုပ်ပြီးစီးမှု အခြေအနေများကို မတ် ၁၆ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုး၊ ဖျာပုံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုးနှင့် ဝန်ထမ်းများက သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များနှင့်အတူ သာယာကုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ၃ ဒသမ ၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊  အမြင့် ၉ လက်မထု မြေသားလမ်းခင်းခြင်း လုပ်ငန်းတို့ကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၄၆ ဒသမ ၉၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာရှိ လယ်ယာ ထုတ်ကုန်ဧက(၂၃၇) ဧကကျော်ကို အကျိုးပြုမည်ဖြစ်ကြောင်း ဖျာပုံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်စိုး ပြောပြခဲ့သည်။

ကျော်စိုး