နေပြည်တော်     မတ်     ၁၆

 

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏  (၅၁)နှစ်မြောက်  နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့   ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊   အရာထမ်း၊  အမှုထမ်းများနှင့် ထူးချွန်ဆုရ ဝန်ထမ်းများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ (၅၁)နှစ်တာဖြတ်သန်းလာခဲ့သည့် လုပ်ငန်း ဆောင်ရွက်မှု  Video Clip ကို ပြသသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက အမှာစကားပြောကြားရာတွင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် တိုင်းရင်းသားပြည်သူ များအား  စာပေဗဟုသုတ တိုးပွားစေရေးအတွက် လူထုမီဒီယာမှတစ်ဆင့် စာပေဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်အဖွဲ့အစည်းများ၏ ပုံနှိပ်ခြင်းဆိုင်ရာများကို သတ်မှတ်ချက်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး        ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်၏တစ်ခုတည်း သော ပုံနှိပ်ဌာနတစ်ခုဖြစ်ကြောင်း။

 

ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များ ဖြစ်သည့်  ပြည်သူလူထုကို  သတင်းအချက်အလက် ပေးရန်၊ အသိပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ဆိုသည့် လုပ်ငန်းများကို   ဆောင်ရွက်ရာတွင်   ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအောက်ရှိ   ဌာနခွဲတစ်ခုဖြစ် သည့် စာပေဗိမာန်လုပ်ငန်းသည်လည်း အပါအဝင် ဖြစ်ကြောင်း၊       စာပေဗိမာန်ကဏ္ဍများအနေဖြင့်  ပြည်သူများ ဗဟုသုတရှိစေမည့် စာအုပ်စာပေများ ထုတ်ဝေခြင်း၊  ရောင်းချခြင်း၊  စာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊ စာပေစကားဝိုင်များ၊ စာပေဆွေးနွေးပွဲ ကျင်းပခြင်းနှင့်အတူ  စာပေဆုချီးမြှင့်ခြင်းလုပ်ငန်းများကို  ဆောင်ရွက်လျက် ရှိကြောင်း။

 

နိုင်ငံ့ဝန်ထမ်းကောင်းများအနေဖြင့် ပြည်သူကို  ပေးဆပ်ရမည်ဟုခံယူပြီး   ရိုးသားစွာဖြင့် ပြည်သူ့ အတွက်     ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ   ဝန်ထမ်းများ သည် ဝန်ကြီးဌာန၏လုပ်ငန်းများကို နောက်တန်းမှ ခံစစ်မှူးကောင်းများသဖွယ် ပံ့ပိုးကူညီနေကြသူများ ဖြစ်ကြောင်း၊   (၅၁)နှစ်မြောက် နှစ်ပတ်လည်နေ့ တွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနကို  ဂုဏ်ယူ စွာဖြင့်  အသိအမှတ်ပြုသကဲ့သို့  နောင်တွင်လည်း ဆက်လက်ဂုဏ်ယူရမည့်    ဦးစီးဌာနတစ်ခုအဖြစ် ဆက်လက်ကြိုးစား    ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာနမှ ဝန်ထမ်း ၈၆၂ ဦးအတွက် ငွေကျပ် ၈၉ သိန်းတန်ဖိုးရှိဝတ်စုံများကို ထောက်ပံ့ ပေးအပ်ရာ      ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်      ဦးဝင်းကျော်အောင်က လက်ခံရယူသည်။

 

ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့ သည့် သင်တန်းများတွင်    ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်  အထက်မြန်မာပြည်အစိုးရ ပုံနှိပ်စက်ရုံ (မန္တလေး)မှ ရုံးအုပ်(စီမံ)ဒေါ်မြတ်မွန်ဖြိုးနှင့် စီမံရေးရာဌာနခွဲ နေပြည်တော်(ရုံးချုပ်)မှ အကြီးတန်း စာရေး(စီမံ)  ဒေါ်အေးသန္တာဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  ဦးမျိုးမြင့်မောင်က  အောင်ဆန်းပုံနှိပ် စက်ရုံရှိ ပတ်လည်စက်  Web Offset (Goss)အား Black And White   ပုံနှိပ်လုပ်ငန်းတွင် ပြန်လည် အသုံးပြုနိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည့် ဝန်ထမ်းသုံးဦးအားလည်းကောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က ကျောင်းသုံးဖတ်စာအုပ်လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် ဖိုတိုလစ်သို ပုံနှိပ်စက်ရုံနှင့် နေပြည်တော်ပုံနှိပ်စက်ရုံ (ဇေယျာသီရိ)တို့မှ ဝန်ထမ်းလေးဦးတို့အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန  နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများအား စက်ဘီးနှစ်စီးနှင့် ငွေသားဆုမဲများကို ပျော်ရွှင်စွာ ကံစမ်းမဲဖောက်ပေးကြပြီး ဆုရရှိ သည့် ဝန်ထမ်းများအား ဆုများပေးအပ်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာန အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာ ကို အတူတကွသုံးဆောင်ခဲ့ကြသည်။  

 သတင်းစဉ်