နေပြည်တော်   မတ်   ၁၆

 

မြန်မာနိုင်ငံရှိ သံသတ္တုရိုင်း ထွက်ရှိရာဒေသ များနှင့် အသုံးပြုနိုင်သည့် သံနှင့်သံမဏိ ထုတ်လုပ်သည့် နည်းစဉ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေများ အပေါ်မူတည်၍ ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေးတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီး ဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယခုအချိန်တွင် မြန်မာနိုင်ငံ၏ သံနှင့်သံမဏိထုတ်လုပ်မှုလုပ်ငန်းသည် နိုင်ငံပိုင်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် စက်ရုံတစ်ရုံ၊ စက်မှုဝန်ကြီး ဌာနတွင် စက်ရုံနှစ်ရုံနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတွင် စက်ရုံ သုံး ရုံရှိကြောင်း၊ ပုဂ္ဂလိကအနေဖြင့်  ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင် ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်ပြုလုပ်ထားသည့် သံရည်ကျိုလုပ်ငန်းပေါင်း  ၃၆၂ ခုဖြင့် မြန်မာနိုင်ငံ၏  သံနှင့်သံမဏိလိုအပ်ချက်ကို   ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပြီး သံနှင့်သံမဏိထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်   ဆောင်ရွက်လျက်ရှိ ကြောင်း။

 

နိုင်ငံတော်အကြီးအကဲ၏ အားပေးဆောင်ရွက် ပေးမှုဖြင့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)ရှိ သံရည် ကျိုအလုပ်ရုံ (Melt Shop-1)ကို ယခုလအတွင်း ပြန်လည် လည်ပတ်၍ သံမဏိလေးထောင့်တုံး (Steel Billet) ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း၊ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တွင် သံသတ္တုရိုင်းမှ  သံစိမ်းထုတ်လုပ်ခြင်း လုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်   စတင်လည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှ ိကြောင်း၊ မြန်မာ နိုင်ငံတွင် နှစ်စဉ်သံမဏိတန်ချိန်သုံးသန်းခန့် လိုအပ်သော်လည်း ပြည်တွင်း၌ တစ်နှစ်လျှင် တစ်သန်းခန့်သာ ထုတ်လုပ်နိုင်သည့်အတွက် သံမဏိတန်ချိန် နှစ်သန်းခန့်ကို ပြည်ပမှနိုင်ငံခြားငွေ တစ်ဘီလီယံ ကျော်ခန့် သုံးစွဲ၍ တင်သွင်းနေရကြောင်း၊ ထို့ကြောင့် သံနှင့်သံမဏိထုတ်လုပ်သည့်   နည်းစဉ်များနှင့်ပတ်သက်၍ လေ့လာသိရှိထားသည် များကို အကြံပြု ဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပါကြောင်း။

 

ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေပေါ်မူတည်ပြီး ပျော့ဖတ်စက်ရုံများကို ဝါး/သစ် ကုန်ကြမ်းများ လွယ်လွယ်ကူကူနှင့် သယ်ယူထုတ်လုပ် နိုင်သည့် နေရာများ၊ ရေအရင်းအမြစ် အလွယ်တကူရရှိနိုင်မည့် နေရာများတွင် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ စက်ရုံမှထွက်ရှိမည့် စွန့်ပစ်ရေများကို သန့်စင်ပြီး စနစ်တကျ ပြန်လည်စွန့်ထုတ်ရန် လိုအပ်သည့်အတွက် စက်ရုံ တည်ဆောက်ရန် မြေနေရာရွေးချယ်မှုသည် အရေးကြီးကြောင်း၊ လိုအပ်သည့် ကုန်ကြမ်းများရရှိနိုင်ရေး လွယ်ကူ လက်လှမ်းမီသည့် နေရာများနှင့် ရေ၊  လျှပ်စစ်ဓာတ်အား၊  လောင်စာအရင်း အမြစ်များရရှိနိုင်ရန် လွယ်ကူသည့် နေရာများတွင် ရွေးချယ်ပြီး ပျော့ဖတ်စက်ရုံများ တည်ထောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက စက္ကူစက်ရုံနှင့် ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင် စာရင်းကောက်ယူထားသည့် ဝါးထွက်ရှိမှု ဧရိယာ ဧကအနေဖြင့် ၆၉ ဒသမ ၆ သန်း ရှိကြောင်း၊ တစ်နှစ် လျှင် ဝါးအလုံးရေ ၂၆၅ သန်း ထုတ်လုပ်နိုင်မည်ဖြစ် သော်လည်း ၁၄၅ သန်းသာ ထုတ်လုပ်သုံးစွဲနေ သည်ကို တွေ့ရှိရကြောင်း၊ ဝါးပေါက်ရောက်မှုဧရိယာ စာရင်းများကို   တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူနိုင်မှုမရှိသေးသဖြင့် ဝါးအလုံးရေ  ၂၆၅ သန်းထက်   ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် တင်ဒါစနစ်ဖြင့်  သစ်တောစိုက်ခင်း များ တည်ထောင်နိုင်ရန် တောနိမ့်၊ တောပါး ဧရိယာ ၃ ဒသမ ၆၅ သန်း ဧကရှိသည့်အတွက် စက္ကူစက်ရုံ များ တည်ဆောက်နိုင်ရန်အတွက် ကုန်ကြမ်းများ လုံလောက်မှုရှိပါကြောင်း၊ စိုက်ခင်းများ တည်ထောင် စိုက်ပျိုးရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သံမဏိစက်ရုံများ တည်ဆောက်နိုင်ရေးနှင့် စက္ကူနှင့်ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန၏ လိုအပ်ချက် များကို အစွမ်းကုန် ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက်    စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူးက မြန်မာနိုင်ငံရှိ သံသတ္တုရိုင်းထွက်ရှိရာ ဒေသ များ၊ အသုံးပြုနိုင်သည့် သံနှင့်သံမဏိထုတ်လုပ်သည့် နည်းစဉ်များနှင့် သံမဏိစက်ရုံများ တည်ထောင် ဆောင်ရွက်သွားရန် ဆောင်ရွက်နိုင်မည့် အခြေအနေ များကိုလည်းကောင်း၊ အမှတ်(၃)အကြီးစားစက်မှု လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူးက ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်  ပျော့ဖတ်စက်ရုံများ တည် ဆောက်နိုင်ရန်အတွက် အခြေခံလိုအပ်သော ကုန်ကြမ်း များ၊ အရင်းအမြစ်များ ကိုလည်းကောင်း၊ ဌာနဆိုင်ရာ အရာရှိကြီးများက သံမဏိစက်ရုံ၊ စက္ကူနှင့်ပျော့ဖတ် စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံ တွင် သစ်တောသယံဇာတနှင့်တွင်းထွက် သယံဇာတများ ထွက်ရှိမှုအခြေအနေကို လည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်