နေပြည်တော် မတ် ၁၆
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးတင်အောင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့ ဦးဆောင်သောအဖွဲ့သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေပုဒ်မ ၄၃ နှင့် ၄၄ အရ ယမန်နေ့က ပူတာအိုအကျဉ်းထောင်၊ ပူတာအိုမြို့နှင့် မချမ်းဘော မြို့တို့ရှိ မြို့မရဲစခန်းအချုပ်ခန်း များကို သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အိပ်ဆောင်များတွင် အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေ လုပ်ထုံးလုပ်နည်း၊ ထုတ်ပြန်ချက်များနှင့် အညီ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ၊ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ၊ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိခြင်း ရှိ၊ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင် ကြည့်ရှု စစ်ဆေးသည်။
အကျဉ်းထောင်ကို ဝင်ရောက် ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူ များ၏ အိပ်ဆောင်များ၊ တိုက်ခန်း များ၊ အကျဉ်းထောင်ဆေးပေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ ဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေကန် များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ၊ မရှိ တို့ကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၅၀ တို့ကို ကော်မရှင်က ပူတာအို အကျဉ်းထောင်ကို လှူဒါန်းခဲ့ရာ တာဝန်ခံအရာရှိက လက်ခံရယူသည်။
အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလိုအရေးယူ ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင် ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်