တာချီလိတ်   မတ်   ၁၆

 

(၁၄) ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ   အစည်းအဝေးကို ယမန်နေ့က တာချီလိတ်မြို့ 1G1-11 ဟိုတယ်၌ ကျင်းပသည်။

 

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်   လာအိုနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီး မစ္စတာ ဖိုဆိုင်း ခိုင်ခန်းဖိထွန်တို့က    ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြပြီး နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက် မှု မြှင့်တင်ရေး၊ အထူးသဖြင့် နယ်စပ်ဒေသအာဏာပိုင်များအကြား ပူးပေါင်း ဆောင်ရွက်မှုများ  တိုးမြှင့်သွားရေး၊  နယ်စပ်ဖြတ်သန်းသွားလာခွင့်၊  နယ်စပ်စစ်ဆေးရေးဂိတ်များနှင့်   နယ်စပ် ကုန်သွယ်ရေး၊ အလုပ်သမားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ မဲခေါင်မြစ်အတွင်း  ရေကြောင်းသွားလာမှု၊  နယ်နိမိတ်မှတ်တိုင်များ   စစ်ဆေးခြင်းနှင့်   ပြုပြင်မွမ်းမံခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုနှင့်  အခြားကိစ္စရပ်များကို  ရင်းနှီးစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

 

အစည်းအဝေးသို့ နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။

 

ညပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးသည် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို တာချီလိတ်မြို့ရှိ အာခါရိုးရာစားသောက်ဆိုင်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

(၁၄)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေး မတိုင်မီ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို မတ် ၁၄ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုနှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန အမျိုးသား နယ်နိမိတ်ရေးရာ ကော်မတီရုံး  ညွှန်ကြားရေးမှူးချုပ် မစ္စတာ အန်နိုးဆင် ခိုင်ပိညာလာတို့က ဦးဆောင်၍ တာချီလိတ်မြို့ 1G1-11 ဟိုတယ်၌  ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်