နေပြည်တော် မတ် ၁၇
နေပြည်တော် ဒက္ခိဏသီရိဟိုတယ်ဇုန်ရှိ Mingalar Thiri Hotel၊ Max Hotel နှင့် နိုင်ငံတော်ဧည့်ဂေဟာရှိ Jasmine Naypyitaw Hotel၊ Park Royal Hotel များတွင် မသန်စွမ်းသူများ အဟန့်အတားမဲ့ ခရီးသွားလာ နိုင်ရေး (Barrier Free Tourism)နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို မတ် ၁၆ ရက်က နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော် ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက မသန်စွမ်းသူများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး (Barrier Free Tourism)နှင့် ပတ်သက်၍ ဟိုတယ်အဆောက်အအုံပိုင်း ဝင်ရောက်ခြင်း (Getting in)၊ ဟိုတယ်ဧည့်ခန်းအတွင်း ဖြည့်ဆည်းမှု (Facilities around the lobby)၊ အိပ်ခန်းအတွင်းပြင်ဆင်မှု (Handicupped Room)၊ ဘက်စုံသုံးအိမ်သာများ (Barrier Free Wash Room)၊ စားသောက်ခန်းမ (Dining/Restaurant) ပြင်ဆင်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးပြီး “မသန်စွမ်းသူများ အဟန့်အတားမဲ့ခရီးသွားလာနိုင်ရေး (Barrier Free Tourism) အသိပညာပေး ဆွေးနွေးပွဲသင်တန်းကိုလည်း နေပြည်တော်ကောင်စီနယ်မြေရှိ ဟိုတယ်အားလုံးကို ဆွေးနွေးပို့ချပြီး ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်နိုင်ရေး ဆောင်ရွက်ရာတွင် အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး (Barrier Free Tourism)ကို ထည့်သွင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ခရီးစဉ်ဒေသများတွင် မသန်စွမ်းသူများ ခရီးသွားလာနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားပြီး ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများအား အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေးနှင့် ပတ်သက်၍ သေချာနားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကိုဗစ်အလွန်ကာလများတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင်နိုင်ရေးနှင့် မသန်စွမ်းသူများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းများတွင် ဟိုတယ်များအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း" မှာကြားပြီး နေပြည်တော်၊ ဒက္ခိဏသီရိဟိုတယ်ဇုန်ရှိ ဟိုတယ်များနှင့် နိုင်ငံတော် ဧည့်ဂေဟာအတွင်းရှိ ဟိုတယ်များ၏ ဟိုတယ်မျက်နှာစာများ၊ ဟိုတယ်အတွင်း/ အပြင် စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)