ကျိုင်းတုံမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ကျောက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ကျိုင်းတုံ မတ် ၂၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်တုံဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်လှူဒါန်းသည့် အမှတ်(၂)ရပ်ကွက်ရှိ နောင်ကျောက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကို မတ် ၂၁ ရက် နံနက် ၈ နာရီခွဲက ကျင်းပသည်။

 

လမ်းဖွင့်ပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်က အမှာစကားပြောကြားပြီး ကွန်ကရစ်လမ်းသစ်အလှူရှင် ဦးစိုင်းတစ်အောင် (နောင်တုံဆောက်လုပ်ရေးကုမ္ပဏီ) က နောင်ကျောက်လမ်းသည် ကျိုင်းတုံမြို့၏ မြို့တွင်းမြို့ပြင် ကူးသန်းသွားလာမှုတွင် အဓိကကျသည့် လမ်းများအနက်တစ်ခုဖြစ်ကာ အများပြည်သူ အသုံးများသော  လမ်းဖြစ်သည့်အတွက် ဒေသခံပြည်သူများ လူမှုစီးပွား၊  ကျန်းမားရေး စောင့်ရှောက်မှုလုပ်ငန်းများ သွားလာမှုလွယ်ကူစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်အရ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းသစ်အဖြစ် ဆောက်လုပ်လှူဒါန်းရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်က ကွန်ကရစ်လမ်းသစ် အလှူရှင် နောင်တုံဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးစိုင်းတစ်အောင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး အလှူရှင် ဦးစိုင်းတစ်အောင်က နောင်ကျောက်လမ်းဆိုင်ရာ အချက်အလက်များအား မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်ထံ လွှဲပြောင်းပေးအပ်သည်။

 

ယင်းနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ အလှူရှင် ဦးစိုင်းတစ်အောင်နှင့် တာဝန်ရှိသူများက နောင်ကျောက်လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ နောင်ကျောက်လမ်းသည် အရှည်ပေ ၁၉၅၀၊ အကျယ် ၃၀ ပေ၊ ထု ၉ လက်မ၊ ကွန်ကရစ်လမ်းသစ်အား နောင်တုံဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကျပ် ၅၅၈၉ သိန်းကျော်ဖြင့် တည်ဆောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)