လစဉ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ  အထူးကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၂၁

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ မတ် ၂၁ ရက် နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ  အထူးကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့သည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် ဆေးဝါးလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက် ကျန်းမာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှု ဌာနဆိုင်ရာ၊ မြို့မိမြို့ဖ၊ လူမှုရေးအသင်းအဖွဲ့များ၏ ပူးပေါင်းကူညီပါဝင်မှုဖြင့် လစဉ်(၂၁)ရက်နေ့တိုင်း တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်းအငြိမ်းစား နိုင်ငံဝန်ထမ်း ၉၃၀၀၀ ဦးကျော်ရှိပြီး ပဲခူးမြို့နယ်အတွင်း၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်း(၁၂၀၀၀)ဦးကျော် နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)