(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအကြို (လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲ ကျင်းပ

နေပြည်တော် မတ် ၂၂

 

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် လက်ရွေးစင်အားကစားသမားရွေးချယ်မှုအဖြစ် (လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ အားကစားရုံ၌ ကျင်းပသည်။

 

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး   ဦးမျိုးလှိုင်၊  အားကစားနှင့်ကာယ ပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေး ကြသည်။

 

ပြိုင်ပွဲများအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားများနှင့်တွေ့ဆုံပြီး   ကျန်းမာရေး သည်    အထူးအရေးကြီးကြောင်း၊    ကျန်းမာရေး ကောင်းမွန်မှ မိမိတို့၏ အရည်အသွေး၊ အစွမ်းအစ များကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်ကြောင်း၊ သွားလာနေထိုင်စားသောက်မှုများကို   အထူးဂရုစိုက်ကြရန် လိုကြောင်း၊ လေ့ကျင့်မှုများပြုလုပ်ရာတွင် ထိခိုက် ဒဏ်ရာမရရှိစေရန်နှင့်  လေ့ကျင့်မှုလွန်ကဲခြင်းများ မဖြစ်စေရန် နည်းပြများ၏ သင်ကြားပြသလေ့ကျင့် ပေးမှုအတိုင်း စနစ်တကျ လိုက်နာလေ့ကျင့်သွားကြ ရန်လိုကြောင်း၊ နည်းပြများအနေဖြင့်လည်း အားကစား သမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများထံ အချိန် နှင့်တစ်ပြေးညီ        တင်ပြဆောင်ရွက်သွားရန်လို ကြောင်း၊ နိုင်ငံတော်မှ အားထားရသည့်  နိုင်ငံ့ဂုဏ် ဆောင်    အားကစားသမားကောင်းများဖြစ်အောင် မလျှော့သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့် အစွမ်းကုန် ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

(လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲတွင် ဝိတ်တန်း အလိုက် အမျိုးသားပွဲစဉ်များအဖြစ်  ၅၁/၅၄ ကီလို တန်း၊ ၅၇/၆၀ ကီလိုတန်း၊ ၆၃ ဒသမ  ၅ ကီလိုတန်း၊  ၆၇/၈၀ ကီလိုတန်း ပွဲစဉ် လေးပွဲနှင့် အမျိုးသမီးပွဲစဉ်  ၅၄/၅၇ ကီလိုတန်းတို့တွင် အားကစားသမား ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းပြိုင်ပွဲမှတစ်ဆင့် အားကစားသမားများ၏     စွမ်းရည်ပေါ်မူတည်၍ လာမည့် ဆီးဂိမ်းပြိုင်ပွဲအတွက်  နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်