ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကျင်းပ

နေပြည်တော်   မတ်   ၂၂

 

ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို   ယနေ့ မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန(၂) ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဌာနဆိုင်ရာများ၊ မြို့တော်စည်ပင်သာယာရေး ကော်မတီများနှင့် မြန်မာနိုင်ငံရေကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသော ဌာနအဖွဲ့အစည်းတို့မှ တာဝန်ရှိသူ များ၊ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွင်ပါဝင်ကြမည့် ကြီးကြပ်သူများနှင့်  ဆွေးနွေးတင်ပြမည့်သူများ၊ ရေနှင့်ဆက်နွှယ်သည့် ဌာနအဖွဲ့အစည်းများမှ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင်   ဒုတိယဝန်ကြီးက   ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာ     ဆွေးနွေးပွဲများမှတစ်ဆင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ရေနှင့်ဆက်နွှယ် သက်ဆိုင်သူများအကြား   လုပ်ငန်းအတွေ့အကြုံများနှင့် အသိ အမြင်များ အပြန်အလှန် ဖလှယ်နိုင်ပြီး ခင်မင်မှုရရှိ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မှုများ    ပိုမိုတိုးတက်ကောင်း မွန်စေနိုင်မည်ဖြစ်ပါကြောင်း၊   ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများတွင် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များအလိုက် ရေကဏ္ဍနှင့် သက်ဆိုင်သည့် ဆောင်ရွက်ချက်များ၊ ရေဆိုင်ရာ အခက်အခဲပြဿနာများ၊ ဖြေရှင်းရန်နည်းလမ်းများ၊ လေ့လာတွေ့ရှိချက်များကို သက်ဆိုင်ရာပညာရှင်များက    ဆွေးနွေးတင်ပြ ကြမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း သိလိုသည်များကို မေးမြန်းခြင်း၊ မိမိတို့ကိုယ်စီ အတွေ့အကြုံများ အပေါ်မူတည်ပြီး ပိုမိုကောင်းမွန်စေရန် အကြံပြုခြင်းများဖြင့်     ပါဝင်ဆွေးနွေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း။

 

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် ရေကို စနစ်တကျ အသုံးပြု နိုင်ရန် စီမံဆောင်ရွက်ပြီး ရေကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် လျက်ရှိရာ ရေနှင့်ဆက်နွှယ်သည့် ပညာရှင်များနှင့် ဝန်ကြီးဌာနများ၊   အဖွဲ့အစည်းများမှ   အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း  မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေ လိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက်    ရေအရင်းအမြစ်အသုံးချသည့် စာတမ်းများ၊ ရေအရင်းအမြစ် ထိန်းသိမ်းခြင်းဆိုင်ရာ စာတမ်းများနှင့်စပ်လျဉ်းသည့်  ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကိုကျင်းပရာ ရေနှင့်သက်ဆိုင်သော ဌာနဆိုင်ရာများမှ စာတမ်းရှင်များက ဘာသာရပ် ဆိုင်ရာ စာတမ်း  ၂၂ စောင် ဖတ်ကြားကြပြီး Panel Discussion Session  ပြုလုပ်၍ အပြန်အလှန်ဆွေးနွေး မှုများ ဆောင်ရွက်ကြသည်။

 

ရေသယံဇာတ အရင်းအမြစ်များ အကန့်အသတ် ရှိမှု၊ ရေနှင့်သန့်ရှင်းမှုစနစ်ဆိုင်ရာ လိုအပ်ချက်များ ရင်ဆိုင်နေရမှုနှင့် နေ့စဉ်ဘဝတွင် ရေအသုံးပြုမှု၊ သုံးစွဲမှုနှင့် ရေစီမံခန့်ခွဲမှုပုံစံများကို ပြောင်းလဲချွေတာ ဆောင်ရွက်ရန် လိုအပ်မှုတို့ကို အများပြည်သူသိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ရေကဏ္ဍ    ဘာသာရပ်ဆိုင်ရာ   ဆွေးနွေးပွဲများကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်