ကယားပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်

လွိုင်ကော် မတ် ၂၃

ကယားပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ပွဲကို မတ် ၂၂ ရက် မွန်းလွဲ ၃ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် “ပြည်နယ်အတွင်းတွင် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်လျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကယားတိုင်းရင်းသား မျိုးနွယ်စုများအလိုက် စဉ်လာမပျက် ကျင်းပလျက်ရှိသော ရိုးရာပွဲတော်များနှင့် တိုင်းရင်းသားရေးရာကိစ္စများကို ဆောင်ရွက်နေသော တိုင်းရင်းသားစာပေရုံးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းကူညီ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ မိရိုးဖလာလုပ်ငန်းများအပါအဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ တိုးတက်အောင် လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်တည်ငြိမ် အေးချမ်းလာစေရေးအတွက် တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ကယား၊ ကယန်း၊ ကယော၊ ဂေဘား၊ မနုမနော၊ ယင်းတလဲ၊ ဗမာ၊ ကရင်၊ ရှမ်း၊ ပအိုဝ်း၊ အင်းသားနှင့် လီဆူ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များအား ထောက်ပံ့ငွေများပေးအပ်ရာ သက်ဆိုင်ရာကော်မတီများမှ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့များ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး ကော်မတီအဖွဲ့ဝင်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)