မြင်းခြံ မတ် ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်များအတွင်း ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာ(၄)ရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်မှု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနက သိရသည်။

 

ကျေးလက်ကုန်ထုတ်လမ်းများကို တောင်သာမြို့နယ် အုတ်ရှစ်ပင် (အင်ကြင်းသာတောတိုက်) ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ၂/၂ ဒသမ ၇၃)မိုင် ဖောက်လုပ်ခြင်း၊ နွားထိုးကြီးမြို့နယ် ကျီးကန်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ၁ မိုင် ဖောက်လုပ်ခြင်း၊ Box Culvert (၁)စင်း တည်ဆောက်ခြင်း၊ မြင်းခြံမြို့နယ် မြို့ကြီးကုန်း ကျေးရွာကုန်ထုတ်လမ်း ၁/၇ မိုင်ဖောက်လုပ်ခြင်း၊ Slab Culvert (၂)စင်း တည်ဆောက်ခြင်း၊ ရေကျော်(၁)စင်း တည်ဆောက်ခြင်းတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၃၁၃ ဒသမ ၄၇၂ သန်းဖြင့် လည်းကောင်း၊ တောင်သာမြို့နယ် အောင်ဇေဖြိုးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း ၄ ဒသမ ၁၇၃ ဖာလုံ ဖောက်လုပ်ခြင်းကို တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၃၀ ဒသမ ၉၆၂ သန်းဖြင့်လည်းကောင်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက ၂၀၂၂ ခုနှစ် ဇူလိုင်လ ပထမပတ်က စတင်တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါကျေးရွာလေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးနိုင်ခဲ့ခြင်းကြောင့် ကျေးရွာများရှိ အိမ်ခြေ(၁၂၃၇)အိမ်၊ လူဦးရေ(၅၈၀၉)ဦးတို့၏ လယ်ယာထုတ်ကုန်ဧက (၉၄၃၆)ကျော် အကျိုးပြုမည်ဖြစ်ပြီး လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ သယ်ယူပို့ဆောင်နိုင်မှာဖြစ်သကဲ့သို့ လယ်ယာသုံးစက်ပစ္စည်းများ သွားလာရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်