မန္တလေး၊ မတ် ၂၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) ဌာနခွဲရှိ ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရအား သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ အနုပညာအထက်တန်းကျောင်းရှိ ပန်းချီ၊ ပန်းပုဌာနနှင့် ပုသိမ်ကြီးမြို့နယ် ရွှေစာရံရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (မန္တလေး) တို့တွင် ရေးဆွဲလျက်ရှိသည့် နေပြည်တော်၌ တည်ထားကိုးကွယ်မည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက်များတွင် ထားရှိမည့် ပန်းချီကားများ ရေးဆွဲနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်တို့က ပန်းချီကားများ ရေးဆွဲပြီးစီးနေမှုနှင့် ဆက်လက်ရေးဆွဲနေမှု အခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက နေပြည်တော်၌ တည်ထားကိုးကွယ်မည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် အကြီးဆုံးဖြစ်လာမည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တစ်ဆူဖြစ်ကြောင်း၊ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရဝုဏ်တွင် ထားရှိမည့် ဆီဆေးပန်းချီကားများ ဖြစ်သည့်အတွက် ရေးဆွဲသော ပန်းချီကားများကို ရေရှည်တည်တံ့ ခိုင်မြဲနေအောင် နိုင်ငံတကာအဆင့်မီဆေး အမျိုးအစားများကို အသုံးပြုသွားရန်နှင့် ဆေးသားပြည့်ပြည့်ဝဝ သုံးစွဲသွားရန်လိုအပ်ကြောင်း၊ အဆင့်အတန်းမီ လက်ရာကောင်းမွန်သော ပန်းချီကားများဖြစ်ရန်လည်း လိုအပ်ကြောင်း၊ ပန်းချီကားများ အချိန်မီပြီးစီးရေး၊ ပန်းချီအနုပညာလက်ရာများ ပိုမိုကောင်းမွန်ပြည့်စုံရေးနှင့် ရေးဆွဲပြီးသော ပန်းချီကားများနှင့် ပတ်သက်၍ လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။
အနုပညာ အထက်တန်းကျောင်း(မန္တလေး)သည် ဆီဆေးပန်းချီကား (၁၆) ချပ်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သည် ဆီဆေးပန်းချီကား (၂၄) ချပ်ကို တာဝန်ယူ ရေးဆွဲပေးလျက်ရှိကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းရှိ ဂန္ဓကုဋိတိုက် (၂၄) လုံး အတွင်းတွင် ထားရှိမည့် မြန်မာတို့၏ ရှေးထုံး အစဉ်အလာနှင့်အညီ နိပါတ်တော် ပန်းချီကားများအဖြစ် ထည့်သွင်းထားရှိရန်အတွက် ဗုဒ္ဓဝင်ဆီဆေးပန်းချီကား (၉၆) ချပ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်