နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ  (၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့်   အငြိမ်းစား တပ်မတော်အရာရှိကြီးများနှင့် ဇနီးများအား သွားရောက်တွေ့ဆုံ ဂါရဝပြုနှုတ်ဆက်

 

နေပြည်တော်၊ မတ် ၂၆

 

 ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်တွင် ကျင်းပပြုလုပ်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့  တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများသည်လည်း ပါဝင် တက်ရောက်ကြမည်ဖြစ်ပြီး နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည်။

 

အဆိုပါ  အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့်  ဇနီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်  ဇနီး ဒေါ်ကြူကြူလှတို့က ယနေ့ ညနေ ပိုင်းတွင် သွားရောက်၍  တွေ့ဆုံဂါရဝပြုနှုတ်ဆက်သည်။

 

ဂါရဝပြုနှုတ်ဆက်

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့ သည် အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့် ဇနီးများအား တစ်ဦးချင်း လိုက်လံဂါရဝပြု နှုတ်ဆက်ခဲ့ပြီး ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ  လိုအပ်ချက်များကို မေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊  ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့  လက်တွဲ၍  တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်လျက်ရှိသည့်အခြေအနေများ၊ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာသာသနာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေး၊ လူသားအရင်းအမြစ်ကောင်းများ  ပေါ်ထွက်လာရေးတို့အတွက်  ဘက်ပေါင်းစုံမှ တွန်းအားပေး  ဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊  ပြည်သူလူထု၏ အကျိုးစီးပွား မြင့်မားရေးနှင့် နိုင်ငံ့ကောင်းရာ ကောင်းကျိုးတို့ကိုသာ အစဉ်ဦးထိပ်ထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊  တပ်မတော်၏ကောင်းမြတ်သည့် အစဉ်အလာကောင်းများကို  ဆက်လက်၍ လက်ဆင့်ကမ်းထိန်းသိမ်းဆောင် ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်သား များနှင့် မိသားစုဝင်များ၏ စားရေး၊ နေရေး၊ ဝတ်ရေးတို့နှင့်ပတ်သက်၍  အမြဲမပြတ် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့်  အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာ အငြိမ်းစား တပ်မတော်အရာရှိကြီးများက ယခုကဲ့သို့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့  တက်ရောက်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ နိုင်ငံ့တာဝန်များကို ဘက်ပေါင်းစုံမှ လစ်ဟင်းမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို အားပေးအသိအမှတ်ပြုကြောင်းနှင့် အခြားဩဝါဒစကားများကို ပြန်လည် ပြောကြားခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်