မောင်တော မတ် ၂၇

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို မတ် ၂၆ ရက် မွန်းလွဲ ၂ နာရီက ၄ မိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

 

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကံထွန်းအောင်က နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွား တိုးတက်မြင့်မားလာရေးအတွက် ဘက်ပေါင်းစုံမှ ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ အရင်းမပျောက် မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန်နှင့် အကျိုးရှိစွာ စနစ်တကျ အသုံးချနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်ထွန်းမောင်က စိုက်ပျိုးရေး မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် မတည်ရန်ပုံ ငွေပေးအပ်ရသည့် ရည်ရွယ်ချက်များ၊ သီးနှံများ စိုက်ပျိုးနိုင်မည့် အခြေအနေများအပေါ်မူတည်၍ ခွဲဝေပေးရခြင်းနှင့် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကံထွန်းအောင်နှင့် တာဝန်ရှိသူတို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ၄ မိုင်ရပ်ကွက်အတွင်းရှိ တောင်သူ ၇၁ ဦးအတွက် ရန်ပုံငွေကျပ် သိန်း(၄၀၀)ကို ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီသို့ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

အောင်ကျော်စိန်၊ သက်လွင်စိုး (ခရိုင် ပြန်/ဆက်)