မတ် ၂၈

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ ဖိနပ်စက်ရုံတွင် ယနေ့ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ခုနစ်ဦးဒဏ်ရာရရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။

နိုင်ငံ၏ပြည်နယ်မြို့တော်လာဟိုရှိ စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည်ဟု သိရသည်။

အဆိုပါမတော်တဆမှုသည် စက်ရုံတွင် အလုပ်သမားများအားလုံး အလုပ်လုပ်ကိုင်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုမတော်တဆမှုကြောင့် ဒဏ်ရာရသူများသည် အလုပ်သမားများဖြစ်ကြပြီး ဒဏ်ရာရရသူများကို အနီးနားရှိဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၎င်းတို့အနက် သုံးဦးသည် အခြေအနေစိုးရိမ်ရကြောင်း ဖော်ပြထားသည်။

မီးသတ်သမားများသည် ယင်းမီးလောင်မှုကို နှစ်နာရီကြာငြှိမ်းသတ်ခဲ့ရသည်ဟု ကယ်ဆယ်ရေးသမားများက ဆိုသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကိုမူ ယခုချိန်အထိမသိရှိရသေးပေ။

မီးလောင်မှုဖြစ်ပွားသည့်ဒေသတွင် ယာဉ်အသွားအလာများယာယီပြတ်တောက်ခဲ့သော်လည်း ကယ်ဆယ်ရေးသမားများက ရှင်းလင်းလုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို