အိန္ဒိယအစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ ငါးရွာ ကျေးလက်မီးလင်းရေးလုပ်ငန်း လွှဲပြောင်းပေးအပ်

စစ်တွေ မတ် ၂၉

 

မြန်မာ-အိန္ဒိယ နားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရ၏ ထောက်ပံ့ကူညီမှုဖြင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ငါးမြို့နယ်မှ ကျေးရွာငါးရွာတွင် ကျေးလက်မီးလင်းရေးလုပ်ငန်း (Mini-Grid) လုပ်ငန်း လွှဲပြောင်းပေးအပ်ပွဲကို မတ် ၂၉ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က ကျေးဇူးတင်စကား ပြောကြားပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr.Bibekananda Bhattamishra က မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအစိုးရကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ထောက်ပံ့ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကျေးလက်မီးလင်းရေး အထိမ်းအမှတ်ပစ္စည်းများအား ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာက ပြည်နယ်ဝန်ကြီး၊ အိန္ဒိယကောင်စစ်ဝန်ချုပ်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့ထံ ပေးအပ်သည်။ ယင်းနောက် ပြည်နယ်ဦးစီးမှူးက အသေးစား မီးလင်းရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ကျေးရွာမီးလင်းရေးကော်မတီများထံ ပေးအပ်ပြီး ကျေးရွာမီးလင်းရေးကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အိန္ဒိယနိုင်ငံ အထောက်အပံ့ဖြင့် ကျေးလက်မီးလင်းရေးကို ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ မောင်တောမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့မှ ကျေးရွာတစ်ရွာစီတို့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)